ကိုဗစ်-၁၉ ရောဂါ အသက်အန္တရာယ်ကို သတိထားကြရန် အတိုင်ပင်ခံပုဂ္ဂိုလ်တိုက်တွန်း

Unicodeဖြင့်ဖတ်ရန်

 

ကိုဗစ်-၁၉ ကူးစက်ရောဂါ အသက်အန္တရာယ်ကို သတိထားကြဖို့နဲ့ အထူးသဖြင့် ရောဂါအခံရှိတဲ့သူတွေအတွက် အသက်အန္တရာယ်ရှိတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ဖို့ ထုတ်ပြန်ထားတဲ့ စည်းကမ်းညွှန်ကြားချက်တွေကို လိုက်နာရေးနဲ့ စပ်လျဉ်းပြီး ဒီကနေ့ည ပြည်သူတွေကို နိုင်ငံပိုင် ရုပ်သံကနေ အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ ပြောသွားတာပါ။

ဒေါ်အောင်ဆန်းစုကြည်က “အခု ရန်ကုန်တိုင်းမှာ ပြန့်ပွားမှုဟာ အရင်မတ်လ၊ ဧပြီလတုန်းက ပြန့်ပွားမှုနဲ့စာရင် အများကြီးပိုပြီးတော့ မြန်တယ်ဆိုတာပြည်သူတွေ သိပြီးသား ဖြစ်ပါလိမ့်မယ်။ မြန်ရုံတင်မကဘူး။ အခုနောက်ပိုင်းမှာဆိုရင် ကွယ်လွန် အနိစ္စရောက်တဲ့သူတွေလည်း အရင်နဲ့စာရင် မြန်လာတယ်လို့ ပြောရပါလိမ့်မယ်။ အရင်တုန်းက (၆)ယောက်ပေါ့။ အခု(၈)ယောက်ဆိုတော့ (၁၄) ယောက်ရှိသွားပါပြီ။ နောက်ဖြစ်တဲ့ (၈)ယောက်ထဲမှာဆိုရင် (၂)ယောက်က အသက်လည်း မကြီးသေးပါဘူး။ အရွယ်ကောင်းတွေလို့ ပြောလို့ရတယ်။ တခြားဘာရောဂါအခံမှလည်း မရှိပါဘူး။ အဲဒါကြောင့် ကိုဗစ်ကြောင့်ပဲ အသက်ဆုံးရှုံးသွားရတယ်လို့ ကျွန်မတို့ ဒီလိုပဲယူဆရပါတယ်။ ဒါကြောင့် ကိုဗစ်ကဖြစ်တာဖြစ်ပါစေ။ အသက်မှမထိခိုက်တာလို့ ဒီလိုပေါ့ပေါ့နဲ့ မစဉ်းစားပါနဲ့။ ရောဂါအခံရှိတဲ့သူတွေအတွက်တော့ အထူးအန္တရာယ်ရှိတယ် ဆိုတာတော့ ကျွန်မသေချာပြောချင်ပါတယ်။ အခုဆုံးပါးသွားတဲ့ သူတွေထဲမှာဆိုရင် ဆီးချိုနဲ့ သွေးတိုးအခံရှိတဲ့ ပြည်သူများ တော်တော်များပါတယ်။ ဆီးချိုနဲ့ သွေးတိုးအခံရှိပြီဆိုရင် ကိုဗစ်ရဲ့အန္တရာယ်ကို မတွန်းလှန်နိုင်သလောက်ကို ဖြစ်သွားပါတယ်။ ဒါကြောင့် သတိထားကြပါ။ ကျန်းမာရေးအခြေခံမကောင်းတဲ့သူတွေ အထူးသတိထားကြပါ။” လို့ပြောပါတယ်။

အခုနောက်ပိုင်း ရောဂါကူးစက်ခံရသူတွေထဲမှာ ဆယ်ကျော်သက်အရွယ်တွေ အသက် (၁၆)နှစ်၊ (၁၅)နှစ်၊ (၁၈)နှစ် အရွယ်ကောင်းလေးတွေပါဝင်တဲ့အတွက် ကိုဗစ်-၁၉ ရောဂါက အသက်အပိုင်းအခြား မရှိဘူး။ ရောဂါအခံရှိတာ၊ မရှိတာကိုလည်း ခွဲခြားပြီးတော့ မြင်လို့မရတော့ဘူးလို့လည်း ပြောပါတယ်။

ရန်ကုန်တိုင်းမှာ ဆိုရင် တစ်တိုင်းပြည်လုံးမှာ ရောဂါပြန့်ပွားမှုအခြေအနေက အမြန်ဆုံးပဲဖြစ်လို့ ရန်ကုန်တိုင်းပြင်ပကို မလိုအပ်ဘဲနဲ့ မသွားကြဖို့ သွားရင်လည်း တခြားတိုင်းတွေ၊ ပြည်နယ်တွေက စည်းမျဉ်းစည်းကမ်းအရ စစ်ဆေးတာတို့၊ Quarantine လုပ်တာတို့ သတ်မှတ်မှာ ဖြစ်ပြီး အဲဒီအတိုင်းပဲ လိုက်နာ ရမှာဖြစ်တယ်လို့ဆိုပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်မှာ ကာရာအိုကေဆိုင်တွေမှာ ကာရာအိုကေဆိုရာကနေပြီးတော့ ရောဂါ ပြန့်သွားတဲ့ အကြောင်းနဲ့ အခုဒီလိုဆိုင်တွေအားလုံးကို ပိတ်လိုက်ပြီဖြစ်တယ်လို့လည်း ပြောပါတယ်။

ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းမှာ စားသောက်ဆိုင်၊ စင်တင်တေးဂီတနဲ့ KTV တွဲဖွင့်ထားတဲ့ Music Zone မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၇၃ ယောက် စစ်ဆေးတွေ့ရှိထားတာ ဖြစ်ပါတယ်။

လူစုလူဝေးမဖြစ်အောင် စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်တဲ့နေရာမှာ ပြည်သူတွေရဲ့ အသက်မွေးဝမ်းကြောင်းကို ထိခိုက်တဲ့အတွက် အစိုးရအနေနဲ့ တတ်နိုင်သမျှ ဒီလိုထိခိုက်တဲ့ ပြည်သူတွေကို ပံ့ပိုး နိုင်အောင် စီစဉ် လုပ်ဆောင်ခဲ့သလို ဆက်ပြီးတော့လည်း လိုအပ်သလို လုပ်သွားမယ်လို့ဆိုပါတယ်။

စစ်တွေဘက်မှာတော့ စည်းမျဉ်းစည်းကမ်းတွေကို ကြပ်ကြပ်မတ်မတ် သတ်မှတ်ပြီးတော့ ပြည်သူလူထုက လိုက်နာလို့ ရောဂါကို အခုအတော်အတန်ထိန်းနိုင်ပြီဖြစ်ကြောင်းနဲ့ ဒါနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ ရခိုင်အစိုးရအဖွဲ့ရော ပြည်သူပြည်သားတွေအားလုံးကိုပါ ကျေးဇူးတင်တယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

ရန်ကုန်တိုင်းမှာလည်း စည်းမျဉ်းစည်းကမ်းတွေ ဒီလိုတင်းတင်းကြပ်ကြပ်နဲ့ နှစ်ပတ်၊ သုံးပတ်လောက် လိုက်နာလိုက်မယ်ဆိုရင် ဒီရောဂါကို ထိန်းချုပ်နိုင်မယ့်အခြေအနေကို ရောက်လာမှာဖြစ်လို့ အားလုံး စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြဖို့လည်း တိုက်တွန်းပါတယ်။

“ရန်ကုန်ဆိုတာဟာ ကျွန်မတို့ ပြည်သူတွေ တော်တော်များများရဲ့ နှလုံးသားထဲမှာ နှလုံးသားမြို့တော်ကြီးပါပဲ။ ဒါကြောင့် ဒီလိုမြို့တော်ကြီးကနေပြီးတော့ တကယ့်ကို ကောင်းတဲ့နမူနာ၊ စံအနေနဲ့ ရပ်တည်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ရခိုင်ပြည်နယ် မှာဆိုရင်တောင်မှ ကျွန်မတို့ ထိန်းချုပ်နိုင်ပြီ။ ထိန်းချုပ်နိုင်တဲ့အဆင့်ကို ရောက်လာပြီ။ ထိန်းချုပ်လို့ ပြီးစီးသွား ပြီလို့ ပြောတာမဟုတ်ပါဘူး။ အဲဒီတော့ ကျွန်မတို့ရဲ့ ရန်ကုန်တိုင်းမှာ ဘာလို့မဖြစ်နိုင်ရမှာလဲ။ ကျွန်မတို့ ပြည်သူတွေရဲ့ နှလုံးသားထဲက မြို့တော်ကြီးက ဘာဖြစ်လို့ဒီကိစ္စကို အောင်အောင်မြင်မြင် မဆောင်ရွက်နိုင်ရမှာလဲ။ အဲဒါကို ကြိုးစားကြပါ။ အားလုံးကနေပြီးတော့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြပါ။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

စည်းမျဉ်းစည်းကမ်း မလိုက်နာပါက သဘာဝ ဘေးအန္တရာယ်ဥပဒေအရ အရေးယူမှာဖြစ်ပြီး ဒီလို ပြင်းပြင်းထန်ထန်လုပ်နိုင်မှ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုကိုထိထိရောက်ရောက် ထိန်းချုပ်နိုင်မှာဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောသွားပါတယ်။

စက်တင်ဘာ ၁၀ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂,၁၅၀ ဦး၊ သေဆုံးသူ ၁၄ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၆၂၅ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၂၉ ဦးရှိပါတယ်။

တစ်နိုင်ငံလုံးရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာပေါင်း ၂၀၀၀ ကျော်ထဲမှာ တဝက်ကျော်ဟာ ရန်ကုန်တိုင်းက ဖြစ်ပြီး လက်ရှိ ရန်ကုန်တိုင်းအတွင်းက ၂၈ မြို့နယ်မှာ Stay at Home အစီအစဉ် အမိန့်ထုတ်ထားပြီး အိမ်မှာပဲနေကြဖို့ စည်းကမ်းချမှတ်ထားပါတယ်။

PHOTO- MOI

Credit:DVB

 

Zawgyiျဖင့္ဖတ္ရန္

 

ကိုဗစ္-၁၉ ေရာဂါ အသက္အႏၲရာယ္ကို သတိထားၾကရန္ အတိုင္ပင္ခံပုဂၢိဳလ္တိုက္တြန္း

 

ကိုဗစ္-၁၉ ကူးစက္ေရာဂါ အသက္အႏၲရာယ္ကို သတိထားၾကဖို႔နဲ႔ အထူးသျဖင့္ ေရာဂါအခံရွိတဲ့သူေတြအတြက္ အသက္အႏၲရာယ္ရွိတယ္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ကိုဗစ္-၁၉ ေရာဂါျပန႔္ပြားမႈကို ထိထိေရာက္ေရာက္ ထိန္းခ်ဳပ္ႏိုင္ဖို႔ ထုတ္ျပန္ထားတဲ့ စည္းကမ္းၫႊန္ၾကားခ်က္ေတြကို လိုက္နာေရးနဲ႔ စပ္လ်ဥ္းၿပီး ဒီကေန႔ည ျပည္သူေတြကို ႏိုင္ငံပိုင္ ႐ုပ္သံကေန အစီရင္ခံတင္ျပတဲ့ မိန႔္ခြန္းမွာ ေျပာသြားတာပါ။

ေဒၚေအာင္ဆန္းစုၾကည္က “အခု ရန္ကုန္တိုင္းမွာ ျပန႔္ပြားမႈဟာ အရင္မတ္လ၊ ဧၿပီလတုန္းက ျပန႔္ပြားမႈနဲ႔စာရင္ အမ်ားႀကီးပိုၿပီးေတာ့ ျမန္တယ္ဆိုတာျပည္သူေတြ သိၿပီးသား ျဖစ္ပါလိမ့္မယ္။ ျမန္႐ုံတင္မကဘူး။ အခုေနာက္ပိုင္းမွာဆိုရင္ ကြယ္လြန္ အနိစၥေရာက္တဲ့သူေတြလည္း အရင္နဲ႔စာရင္ ျမန္လာတယ္လို႔ ေျပာရပါလိမ့္မယ္။ အရင္တုန္းက (၆)ေယာက္ေပါ့။ အခု(၈)ေယာက္ဆိုေတာ့ (၁၄) ေယာက္ရွိသြားပါၿပီ။ ေနာက္ျဖစ္တဲ့ (၈)ေယာက္ထဲမွာဆိုရင္ (၂)ေယာက္က အသက္လည္း မႀကီးေသးပါဘူး။ အ႐ြယ္ေကာင္းေတြလို႔ ေျပာလို႔ရတယ္။ တျခားဘာေရာဂါအခံမွလည္း မရွိပါဘူး။ အဲဒါေၾကာင့္ ကိုဗစ္ေၾကာင့္ပဲ အသက္ဆုံးရႈံးသြားရတယ္လို႔ ကြၽန္မတို႔ ဒီလိုပဲယူဆရပါတယ္။ ဒါေၾကာင့္ ကိုဗစ္ကျဖစ္တာျဖစ္ပါေစ။ အသက္မွမထိခိုက္တာလို႔ ဒီလိုေပါ့ေပါ့နဲ႔ မစဥ္းစားပါနဲ႔။ ေရာဂါအခံရွိတဲ့သူေတြအတြက္ေတာ့ အထူးအႏၲရာယ္ရွိတယ္ ဆိုတာေတာ့ ကြၽန္မေသခ်ာေျပာခ်င္ပါတယ္။ အခုဆုံးပါးသြားတဲ့ သူေတြထဲမွာဆိုရင္ ဆီးခ်ိဳနဲ႔ ေသြးတိုးအခံရွိတဲ့ ျပည္သူမ်ား ေတာ္ေတာ္မ်ားပါတယ္။ ဆီးခ်ိဳနဲ႔ ေသြးတိုးအခံရွိၿပီဆိုရင္ ကိုဗစ္ရဲ႕အႏၲရာယ္ကို မတြန္းလွန္ႏိုင္သေလာက္ကို ျဖစ္သြားပါတယ္။ ဒါေၾကာင့္ သတိထားၾကပါ။ က်န္းမာေရးအေျခခံမေကာင္းတဲ့သူေတြ အထူးသတိထားၾကပါ။” လို႔ေျပာပါတယ္။

အခုေနာက္ပိုင္း ေရာဂါကူးစက္ခံရသူေတြထဲမွာ ဆယ္ေက်ာ္သက္အ႐ြယ္ေတြ အသက္ (၁၆)ႏွစ္၊ (၁၅)ႏွစ္၊ (၁၈)ႏွစ္ အ႐ြယ္ေကာင္းေလးေတြပါဝင္တဲ့အတြက္ ကိုဗစ္-၁၉ ေရာဂါက အသက္အပိုင္းအျခား မရွိဘူး။ ေရာဂါအခံရွိတာ၊ မရွိတာကိုလည္း ခြဲျခားၿပီးေတာ့ ျမင္လို႔မရေတာ့ဘူးလို႔လည္း ေျပာပါတယ္။

ရန္ကုန္တိုင္းမွာ ဆိုရင္ တစ္တိုင္းျပည္လုံးမွာ ေရာဂါျပန႔္ပြားမႈအေျခအေနက အျမန္ဆုံးပဲျဖစ္လို႔ ရန္ကုန္တိုင္းျပင္ပကို မလိုအပ္ဘဲနဲ႔ မသြားၾကဖို႔ သြားရင္လည္း တျခားတိုင္းေတြ၊ ျပည္နယ္ေတြက စည္းမ်ဥ္းစည္းကမ္းအရ စစ္ေဆးတာတို႔၊ Quarantine လုပ္တာတို႔ သတ္မွတ္မွာ ျဖစ္ၿပီး အဲဒီအတိုင္းပဲ လိုက္နာ ရမွာျဖစ္တယ္လို႔ဆိုပါတယ္။

သဃၤန္းကြၽန္းၿမိဳ႕နယ္မွာ ကာရာအိုေကဆိုင္ေတြမွာ ကာရာအိုေကဆိုရာကေနၿပီးေတာ့ ေရာဂါ ျပန႔္သြားတဲ့ အေၾကာင္းနဲ႔ အခုဒီလိုဆိုင္ေတြအားလုံးကို ပိတ္လိုက္ၿပီျဖစ္တယ္လို႔လည္း ေျပာပါတယ္။

ရန္ကုန္ သဃၤန္းကြၽန္းၿမိဳ႕နယ္ သုမဂၤလာလမ္းမွာ စားေသာက္ဆိုင္၊ စင္တင္ေတးဂီတနဲ႔ KTV တြဲဖြင့္ထားတဲ့ Music Zone မွာ ကိုဗစ္-၁၉ ပိုးေတြ႕လူနာ ၇၃ ေယာက္ စစ္ေဆးေတြ႕ရွိထားတာ ျဖစ္ပါတယ္။

လူစုလူေဝးမျဖစ္ေအာင္ စည္းမ်ဥ္းစည္းကမ္းေတြ သတ္မွတ္တဲ့ေနရာမွာ ျပည္သူေတြရဲ႕ အသက္ေမြးဝမ္းေၾကာင္းကို ထိခိုက္တဲ့အတြက္ အစိုးရအေနနဲ႔ တတ္ႏိုင္သမွ် ဒီလိုထိခိုက္တဲ့ ျပည္သူေတြကို ပံ့ပိုး ႏိုင္ေအာင္ စီစဥ္ လုပ္ေဆာင္ခဲ့သလို ဆက္ၿပီးေတာ့လည္း လိုအပ္သလို လုပ္သြားမယ္လို႔ဆိုပါတယ္။

စစ္ေတြဘက္မွာေတာ့ စည္းမ်ဥ္းစည္းကမ္းေတြကို ၾကပ္ၾကပ္မတ္မတ္ သတ္မွတ္ၿပီးေတာ့ ျပည္သူလူထုက လိုက္နာလို႔ ေရာဂါကို အခုအေတာ္အတန္ထိန္းႏိုင္ၿပီျဖစ္ေၾကာင္းနဲ႔ ဒါနဲ႔ ပတ္သက္လို႔ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပုနဲ႔ ရခိုင္အစိုးရအဖြဲ႕ေရာ ျပည္သူျပည္သားေတြအားလုံးကိုပါ ေက်းဇူးတင္တယ္လို႔ အတိုင္ပင္ခံပုဂၢိဳလ္က ေျပာပါတယ္။

ရန္ကုန္တိုင္းမွာလည္း စည္းမ်ဥ္းစည္းကမ္းေတြ ဒီလိုတင္းတင္းၾကပ္ၾကပ္နဲ႔ ႏွစ္ပတ္၊ သုံးပတ္ေလာက္ လိုက္နာလိုက္မယ္ဆိုရင္ ဒီေရာဂါကို ထိန္းခ်ဳပ္ႏိုင္မယ့္အေျခအေနကို ေရာက္လာမွာျဖစ္လို႔ အားလုံး စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာၾကဖို႔လည္း တိုက္တြန္းပါတယ္။

“ရန္ကုန္ဆိုတာဟာ ကြၽန္မတို႔ ျပည္သူေတြ ေတာ္ေတာ္မ်ားမ်ားရဲ႕ ႏွလုံးသားထဲမွာ ႏွလုံးသားၿမိဳ႕ေတာ္ႀကီးပါပဲ။ ဒါေၾကာင့္ ဒီလိုၿမိဳ႕ေတာ္ႀကီးကေနၿပီးေတာ့ တကယ့္ကို ေကာင္းတဲ့နမူနာ၊ စံအေနနဲ႔ ရပ္တည္ဖို႔ အင္မတန္မွ အေရးႀကီးပါတယ္။ ရခိုင္ျပည္နယ္ မွာဆိုရင္ေတာင္မွ ကြၽန္မတို႔ ထိန္းခ်ဳပ္ႏိုင္ၿပီ။ ထိန္းခ်ဳပ္ႏိုင္တဲ့အဆင့္ကို ေရာက္လာၿပီ။ ထိန္းခ်ဳပ္လို႔ ၿပီးစီးသြား ၿပီလို႔ ေျပာတာမဟုတ္ပါဘူး။ အဲဒီေတာ့ ကြၽန္မတို႔ရဲ႕ ရန္ကုန္တိုင္းမွာ ဘာလို႔မျဖစ္ႏိုင္ရမွာလဲ။ ကြၽန္မတို႔ ျပည္သူေတြရဲ႕ ႏွလုံးသားထဲက ၿမိဳ႕ေတာ္ႀကီးက ဘာျဖစ္လို႔ဒီကိစၥကို ေအာင္ေအာင္ျမင္ျမင္ မေဆာင္႐ြက္ႏိုင္ရမွာလဲ။ အဲဒါကို ႀကိဳးစားၾကပါ။ အားလုံးကေနၿပီးေတာ့ စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာၾကပါ။” လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

စည္းမ်ဥ္းစည္းကမ္း မလိုက္နာပါက သဘာဝ ေဘးအႏၲရာယ္ဥပေဒအရ အေရးယူမွာျဖစ္ၿပီး ဒီလို ျပင္းျပင္းထန္ထန္လုပ္ႏိုင္မွ ကိုဗစ္-၁၉ ေရာဂါ ျပန႔္ပြားမႈကိုထိထိေရာက္ေရာက္ ထိန္းခ်ဳပ္ႏိုင္မွာျဖစ္တယ္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ကေျပာသြားပါတယ္။

စက္တင္ဘာ ၁၀ ရက္ ည ၈ နာရီအထိ ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ အတည္ျပဳလူနာ ၂,၁၅၀ ဦး၊ ေသဆုံးသူ ၁၄ ဦး၊ ေဆး႐ုံမွ ဆင္းခြင့္ျပဳခဲ့သူ ၆၂၅ ဦးနဲ႔ ေစာင့္ၾကည့္လူနာအသစ္ ၂၂၉ ဦးရွိပါတယ္။

တစ္ႏိုင္ငံလုံးရွိ ကိုဗစ္-၁၉ ပိုးေတြ႕လူနာေပါင္း ၂၀၀၀ ေက်ာ္ထဲမွာ တဝက္ေက်ာ္ဟာ ရန္ကုန္တိုင္းက ျဖစ္ၿပီး လက္ရွိ ရန္ကုန္တိုင္းအတြင္းက ၂၈ ၿမိဳ႕နယ္မွာ Stay at Home အစီအစဥ္ အမိန႔္ထုတ္ထားၿပီး အိမ္မွာပဲေနၾကဖို႔ စည္းကမ္းခ်မွတ္ထားပါတယ္။

PHOTO- MOI

Credit:DVB

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment