ငါးရက်အတွင်း ကြည့်ရှုသူ ၄၅ သန်းနီးပါး ရှိနေသည့် ဂျပ်စတင်ဘီဘာနှင့် အက်ဒ်ရှရမ် သီချင်းသစ် – I Don’t Care

နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ အဆိုတော် ၂ ယောက်ဖြစ်ကြတဲ့ ဂျပ်စတင်ဘီဘာနဲ့ အက်ဒ်ရှရမ်တို့ သီဆိုထားကြတဲ့ သီချင်းသစ်တပုဒ် ထွက်ရှိလာပြီး လတ်တလောမှာတော့ ပရိသတ်တွေကြား ရေပန်းစားနေပါတယ်။

အက်ဒ်ရှရမ်ဟာ အရင်က ဂျပ်စတင်ဘီဘာအတွက် သီချင်းရေးပေးခဲ့ဖူးပေမယ့် I Don’t Care လို့ အမည်ပေးထားတဲ့ ဒီသီချင်းကတော့ သူတို့ ၂ ယောက်ရဲ့ ပထမဆုံး အတွဲဖန်တီးတဲ့ သီချင်းတပုဒ် ဖြစ်လာခဲ့တာပါ။

အသက် ၂၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ကနေဒါနိုင်ငံသား အဆိုတော် ဂျပ်စတင်ဘီဘာဟာ ဆယ်ကျော်သက်အရွယ် ငယ်ငယ်နဲ့ အောင်မြင်မှု ရရှိခဲ့သူတဦးဖြစ်ကာ ၂၀၀၉ ခု နှစ်ကုန်ပိုင်းလောက်မှာ ထွက်ရှိခဲ့တဲ့ My World တေးအယ်လ်ဘမ် ထွက်ရှိချိန်မှာ အသက် ၁၅ နှစ်အရွယ်သာ ရှိပါသေးတယ်။ အဲဒီအယ်လ်ဘမ်ထဲက သီချင်း ၇ ပုဒ်ဟာ Billboard ရဲ့ ရေပန်းအစားဆုံး သီချင်း ၁၀၀ စာရင်းမှာ ပါဝင်ခဲ့တာမို့ ဂျပ်စတင်ဘီဘာဟာ စံချိန်တင် အနုပညာရှင် အဆိုတော်တယောက်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

အဲဒီနောက်တော့ တကိုယ်တော် တေးအယ်လ်ဘမ်တွေရော အတွဲသီချင်းတွေမှာပါ သီဆိုအောင်မြင်ခဲ့တဲ့ ဂျပ်စတင်ဘီဘာဟာ ဂရမ်မီဆု အပါအဝင် ဂီတထူးချွန်ဆုတွေ အများကြီး ရရှိထားခဲ့ပြီး နာမည်ကျော် ဖို့ဘ်စ်မဂ္ဂဇင်းက ရွေးချယ်တဲ့ ကမ္ဘာတလွှား လွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃ ခုနှစ်တွေမှာ ၃ နှစ်ဆက်တိုက် ရွေးချယ်ခံခဲ့ရပါတယ်။

သူဟာ မနှစ်ကမှ အမေရိကန်မော်ဒယ်လ် ဟိုင်လေဘော်လ်ဒွင်နဲ့ လက်ထပ်ခဲ့ပြီး သီချင်းတွေ ထွက်ရှိတာ ကြဲနေခဲ့တာပါ။

အသက် ၂၈ နှစ်အရွယ် ဗြိတိန်နိုင်ငံသား အက်ဒ်ရှရမ်ကတော့ သီချင်းတွေလည်းရေး၊ သီချင်းတွေလည်း ဆိုရာကနေ ပရိသတ်လက်ခံလာခဲ့တဲ့ နာမည်ကြီး အဆိုတော်တယောက် ဖြစ်ပါတယ်။

သူဟာ ၂၀၀၉ ခုနှစ်လောက်က စတင်ပြီး အင်္ဂလန်မှာ အောင်မြင်စပြုလာခဲ့ပြီး နောက်ပိုင်းမှာ သူ့ရဲ့သီချင်းတွေကို အွန်လိုင်းပေါ်မှတဆင့် ထုတ်လုပ်ဖြန့်ချိပြီး ကမ္ဘာတဝှမ်း အောင်မြင်မှုတွေ ရရှိလာခဲ့သူပါ။

ပရိသတ်ကြား ရေပန်းစားခဲ့တဲ့ သူ့ရဲ့သီချင်းတွေဖြစ်တဲ့ Shape of You၊ Perfect စတဲ့ သီချင်းတွေ အပါအဝင် နာမည်ကြီးသီချင်းတွေနဲ့ ဂီတထူးချွန်ဆုပေါင်း ၁၀၀ ကျော် ရရှိထားခဲ့တာဖြစ်ပြီး သူ့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ÷ တေးအယ်လ်ဘမ်ဟာလည်း ဂီတထူးချွန်ဆုတွေ ရရှိထားခဲ့ပါတယ်။

လတ်တလော ဂျပ်စတင်ဘီဘာနဲ့အတူ သီဆိုထားတဲ့ I Don’t Care သီချင်းကတော့ ပါတီတခုမှာ ရောက်ရှိနေပြီး ဘယ်လိုမှ ခံစားလို့မရ ဖြစ်နေတဲ့အချိန်မှာ အားပေးကူညီမယ့် တစုံတယောက်ကို ရှာဖွေနေတဲ့အကြောင်းကို ရေးဖွဲ့ထားခဲ့တာ ဖြစ်ပါတယ်။

ဒီသီချင်း ရုပ်သံဗွီဒီယိုဖိုင်ကိုတော့ အဆိုတော် အက်ဒ်ရှရမ်က သူ့ရဲ့ ယူကျု လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် မေလ ၁၇ ရက်နေ့မှာ မျှဝေထားခဲ့ပြီး ၅ ရက်အတွင်း ဝင်ရောက်ကြည့်ရှု နားဆင်ကြတဲ့ အကြိမ်ရေ သန်း ၄၀ ကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။

DVB

Media Links Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment