ငယ်ငယ်က သင်ခဲ့ရတဲ့ ဂျာအေး ကဗျာ၏အဓိပ္ပါယ် မသိသေးသူများအတွက်

ဂျာအေး ကဗျာ၏အဓိပ္ပါယ်

ကပေါက်တိ ကပေါက်ချာ စာသားတွေနဲ့ ဘယ်က စပြီး ဘယ်တော့ ဆုံးမယ်မှန်း မသိတဲ့ ဒီကဗျာလေးကို ကျွန်တော်တို့ ငယ်စဉ်ကတည်းက အလွတ်ရနေခဲ့ကြတာပေမယ့် အဓိပ္ပါယ် သိသူ နည်းပါးဦးမှာပါ ဒီကဗျာကို ကြောင်ပမ်းဆရာတော်ကြီးက ရေးဖွဲ့ခဲ့ပြီး ရေးသားခဲ့တဲ့ ခုနှစ်နဲ့ မူရင်း အဓိပ္ပါယ်ကို သေချာ မသိရပါဘူး..

ဒါပေမယ့် ကံအကြောင်း တိုက်ဆိုင်စွာ ကဗျာရဲ့ အဓိပ္ပါယ်ကို လေ့လာ မှတ်သားခဲ့ရတဲ့အတွက် ဝေမျှလိုက်ပါတယ်..

မုန့်လုံးကို စက္ကူကပ်ပါလို့ – မုန့်လုံးနဲ့ တူတဲ့ ကျွန်တော်တို့ရဲ့ ခန္ဓာငါးပါး သက္ကာယတရားတွေကို တဏှာ ဒိဋ္ဌိတွေနဲ့ စွဲကပ်ထားပါတယ်..

ကြာကလပ်နဲ့ ဆွမ်းတော်တင် – နတ်ချမ်းသာ ဗြဟ္မာချမ်းသာတွေကို ရည်စူးပြီး ကုသိုလ် ကောင်းမှုတွေ ပြုလုပ်ကြပါတယ်။

ပလ္လင်ပေါ်က မျောက်ကလေး ဆင်းတယ်လို့ပြေး ဂျာအေး – ကောင်းမှုတွေ လုပ်လို့ ကောင်းရာ ဘုံဘဝတွေ ရောက်ပေမယ့်လည်း (မုန့်လုံးကို စက္ကူကပ်ပြီး လှူသလို တဏှာလောဘနဲ့ လုပ်တဲ့ ကုသိုလ်တွေ ဖြစ်လေတော့) အချိန်တန်လို့ ကုသိုလ် အဟုန်တွေ ကုန်တော့ အပါယ်ဘုံ (သို့) လူ့ဘုံကိုပဲ ရောက်ရတာပါပဲ..

ဂျာအေးကို သူ့အမေရိုက်ပါလို့ မှောင်မိုက်မှာငို – ကံတရားရဲ့ အကျိုးပေးကြောင့် လူဘုံကို ရောက်တဲ့ အချိန်မှာလဲ အမှောင်နဲ့တူတဲ့ အဝိဇ္ဇာတွေကြားထဲမှာ ဒုက္ခသစ္စာနဲ့ ကြုံပြန်တော့ ပူဆွေးရပြန်ပါတယ်..

ကိုလူပျို ထရံပေါက်က ခြေထောက်ကိုဆွဲ တွဲလွဲ – ကံကောင်းစွာနဲ့ပဲ ကျွန်တော်တို့ဟာ သာသနာနဲ့ ကြုံကြိုက်လို့ ဓမ္မအလင်းရောင်နဲ့ တွေ့ပြီး အမှောင်ထဲက လွတ်မဲ့ လမ်းစ မြင်လာရပါတယ်

မိုးတောင်ကချုန်း မုန့်လုံး – သာသနာတော်နဲ့ ကြုံပေမယ့် အဖျက်အမှောင့်တွေကြောင့် အားမထုတ်နိုင်ခဲ့ရင်ဖြင့် မုန့်လုံးဘဝသို့ ပြန်လည် ရောက်ရှိသွားမှာ ဖြစ်ပါတယ်…မုန့်လုံးဘဝကို ရောက်ရှိရင်ဖြင့် မဆုံးနိုင်တဲ့ သံသရာကို ဘယ်နှကြိမ်မှန်း မသိဘဲ အထပ်ထပ် ပြန်ကျော့နေရဦးမှာ ဖြစ်ပါတော့တယ်..

ကဗျာလေးက တိုပေမယ့် မသိတော့ပြုလုပ် ပြုလုပ်တော့ရရှိ ရရှိတော့ခံစားခံစားတော့လိုချင် လိုချင်တော့စွဲလမ်း စွဲလမ်းတော့ပြုလုပ်နဲ့ ဘဝသံသရာ ဝဲဂယက်ထဲ မဆုံးနိုင်အောင် အထပ်ထပ် လည်ပတ်နေရပုံကို ရေးဖွဲ့ထားတဲ့ သံဝေဂရစရာ ကဗျာလေးတစ်ပုဒ် ဖြစ်ပါတယ်..

ဆိုလိုရင်းကို နားလည်သလို အနီးစပ်ဆုံး ပြန်ထားတာမို့မူရင်း အဓိပ္ပါယ်နဲ့ တိကျစွာ တူချင်မှ တူမှာမို့နားလည်သူများက ပြင်ဆင်ပေးကြပါဦး… Source Orginal

 

minkoko110