တက္ကသိုလ်ဘုန်းနိုင်ရဲ့ မိုးည အိမ်မက်မြူ အပိုင်း ( တစ် )

ဘဝဟောင်းမှ အစ်မ မီးရထား၏ မှန်ကာပြတင်းပေါက်မှ မျှော်ကြည့်လျှင် စိမ်းလန်းသော လယ်ကွင်းတို့ထက် ကျသက်စပြုပြီဖြစ်သော မိုးသီးမိုးပေါက်တို့ကို မြင်ရသည် ။ သီတင်းကျွတ်လ အစတွင်ဖြစ်၍ စပါးပင်တို့သည် ခါးလယ်မျှအမြင်ဆောင်ကြကုန်ပေပြီ ။ လေဝယ် လှိုင်းထ၍ ငြိမ့်အိနေသော ဤစပါးမြပင်လယ် တစ်ကြောကို လွန်၍ မျက်လုံးကို ဆန်းကြည့်သော် အရှေ့ဆီ၌မိုးမြူသင်တိုင်း ဆင်သိုင်းစ မှိုင်းပျပျ ပဲခူးရိုးမအား မြင်ရသည် ။ မီးရထား၏အရှိန်မှာ လျှော့သွားသည်နှင့် မရှေးမနှောင်းပင်ကြီးမား သော သံတံတားကို ဖြတ်ကျော်စဉ် ကြားရတက်သည့် ပဲတင်ရိုက်သံပေါ်လာ၏ ။ တံတားကြီး၏အောက်၌ ဒေါသတကြီးနှင့် တဟဲဟဲ စီးဆင်းနေသော ချောင်းရေညိုညို တွေ့ရ၏ ။

” အဲ့ဒါ ဖိုးသားအောင် ကုန်တံတားပဲ တူမကြီး ၊ သာယာဝတီခရိုင်နဲ့ ပြည်ခရိုင်နယ်စပ်လေ ၊ နောက်ဆယ့်ငါးမိနစ် မိနစ်နှစ်ဆယ်ဆိုရင် ပေါင်းတည်ကို ရောက်တော့မယ်… ။ ” ရှေ့မှခရီးသည် အသက်ငါးဆယ်ခန့်ရှိ အဘိုးကြီးက ပြောသဖြင့်တူမကြီးဟု အခေါ်ခံရသူ အသက်သုံးဆယ်ခန့် ဖြူဝင်းသော အသားအရေ ၊ နက်မှောင်ကော့ပျံသော မျက်တောင် ၊ ပေါ်ထင်သောနှာတံ ၊ ချောမောသမျတည်ကြည် မွန်ရည်သော မျက်နှာရှင် မိန်းမရွယ်က ဖြူစင်ညီညာသည့်သွားလေးများပေါ်အောင် ယဉ်ကျေးဖွယ်ရာ ပြုံးလိုက်၍ ။” သြော်…ပေါင်းတည်တောင် ရောက်တော့မယ် ၊ ခုလို ကြိုတင်သိရတာ ကျေးဇူးတင်ပါတယ် ဦးရယ် ၊ ဒါထက် ဦးကတော့ သဲကုန်းအထိဆက်သွားရဦးမယ်နော်… ” ဟုဆိုသည် ။ ” ဟုတ်တယ်၊ သြော်…ဒါထက်ဦးတို့ သံပြတ်နဲသာ စကားပြောခဲ့ကြရတယ်၊ ခွဲကာနီးမှ အသိဖွဲ့ကြရအောင် ၊ ဦးနာမည်က ဦးသိန်းမောင်ခေါ်တယ်၊ အဲ…စက်ပိုင်ရှင်ပေါ့လေ… ”

မိန်းမရွယ်က ပြုံးလိုက်သည် ။အပြုံးမှတောက်ပသော်လည်း တည်ငြိမ်ခံ့ညား၏ ။ ” ကျွန်မနာမည် ဒေါက်တာ မသက်ရီ၊ ရန်ကုန်သက္ကသိုလ် စိတ်ပညာ ဌာနက ကထိကတစ်ဦးပါ၊ ဦးနဲ့ ခုလိုသိရတာ ဝမ်းသာပါတယ် ” ဦးသိန်းမောင် အံသြသည့်ဟန် မသိမသာ မျက်လုံးပြူးသွားသည်။”  ဒေါက်တာ…ဒေါက်တာ မသက်ရီ၊ ဒေါက်တာဆိုတော့ပါရဂူဘွဲ့ရှင် ပေါ့နော် “….. ” ပါရဂူဆိုတဲ့စကားကြီးက မြင့်လွန်းပါတယ်၊ ဒါပေမဲ့ ဝေါဟာရအဖြစ်နဲ့တော့ ဒီကနေ သုံးစွဲနေကျပါတယ်ရှင် “…..ဦးသိန်းမောင်က ခေါင်းတညိတ်တညိတ်ဆတ်ရင်း မှတ်ချက်ချသည်။

” အင်း…ခေတ်ကြီးကတော့ တော်တော်ပြောင်းလဲခဲ့တာပဲ၊ ဟိုတုန်းကတော့ ပရဂူ ဒေါက်တာဘွဲ့က အင်မတန် ရှားတာကလား၊ ဦးသိသမျှတော့ ဒေါက်တာဘမော် ဒေါက်တာဘဟန်း၊ ဒေါက်တာသိန်း၊ ပြီးတော့ ဦးတို့နယ်သား တူမကြီးတို့ ဆရာဖြစ်လိမ့်မယ် ပါမောက္ခ ဒေါက်တာဦးလှဖူး၊ ဒီပုဂ္ဂိုလ် ကြီးတွေလောက်ပဲ ရှိကြတာပဲ… ” ” ဟုတ်ကဲ့… ဆရာကြီး ဦးလှဖူးဟာ ကျွန်မတို့ရဲ့ ဆရာဆိုလည်းဟုတ်ပါတယ်၊ ဖခင်ဆိုလဲမှန်ပါတယ်၊ ဆပ်မကုန်တဲ့ ကျေးဇူးရှင်ကြီးပါပဲ ” … “အင်း…အင်း…တွေ့ရတော့ ဝမ်းသာသကွယ်၊ တူမကြီးတို့လို မိန်းမသားတစ်ဦးက ဒေါက်တာဘွဲ့ရထားတာ တွေ့ရတော့ မြန်မာပြည်ကြီးရဲ့ ရှေ့ရေးအတွက် ဦးဝမ်းသားမိတယ် ၊ ဦးတို့နယ်ကို အလည်လာတုန်းတူမကြီး ပျော်ရွှင်ပါစေလို့ ဦးဆုတောင်းတယ်၊ ဦးတို့ နယ်သူနယ်သား တွေက အင်မတန်ခင်မင်ဖော်ရွေပါတယ်၊ ကဲ…ကဲ…တူမကြီး ပစ္စည်းတွေသိမ်းဦး… ” ဦးသိန်မောင်သည် အလိုက်သိစွာ စကားကိုဖြတ်၍ သတင်းစာ၌မျက်နှာအပ်လိုက်၏ ။

မသက်ရီသည် ဦးသိန်းမောင်အား ကျေးဇူးတင်မိသည်…။ စင်စစ် ကမ္ဘာလှည့် ခရီးသွားခဲ့ဖူးသူ တစ်ဦး ဖြစ်သဖြင့် မသက်ရီမှာအစစ ကြိုတင်ပြင်ဆင်မှရှိသောကြောင့် ဆင်မည့်ဘူတာနီးခါမှ အရေးတကြီးသိမ်းဆည်းရန် ပစ္စည်းများမရှိ။ သို့ရာတွင် အဓိကထား ဆောင်ရွက်ရန်ကိစ္စတစ်ရက်မှရှိသည်။ ထိုကြောင့် မသက်ရီသည် အလိုက်သိသော ဦးသိန်းမောင်ကို ကျေးဇူးတင်မိမြင်းဖြစ်၏ ။ မသက်ရီသည် စာရေးစာအုပ်မှ ရေးပြီးသော စာတစ်ရွက်ကိုဆုတ်ခွာယူလိုက်သည်။ မီးရထားလှုပ်လှုပ်တွင် တက်နှိုင်သမျှ ကြိုးစားရေးထားရသည်မို့ လက်ရေးများသည် မသေသပ်။ သိုတစေ ကိစ္စမရှိ။ မသက်ရီသည် မသိမသာပြုံး၍ စာရွက်ကို ခေါက်ကာ စာအိတ်တစ်ခုတွင်း ထည့်သည်။ ထိုနောက် လိပ်စာတပ်၏။ ရထားမှ အရှိန်မပြင်းသဖြင့်စာရေးရန် မခက်လှ။

” ဦးမင်းလွင်၊ ဒုတိယ အတွင်းဝန်၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ အတွင်းဝန်များရုံး၊ ရန်ကုန်မြို့ ” မသက်ရီသည် စာအိတ်ကို ပိတ်ပြီးနောက် လွယ်အိတ်တစ်လုံးတွင်ထည့်လိုက်၍ အသင့်အတင့် သိမ်းဆည်း ပြင်ဆင်စရာရှိသည်များကိုသိမ်းဆည်း ပြင်ဆင်သည်။ မိနစ်ပိုင်းတွင် အားလုံး ပြီးစီးသဖြင့်နေရာတွင် ထိုင်ကာ ပြတင်းမှနေ၍ အပြင်သို့ မျှော်ကြည့်မိပြန်၏ ။ ပေါင်းတည်သို့ လာရခြင်းအတွက် မသက်ရီမှာ ရင်အနည်းငယ် ခုန်မိသည်။ မသက်ရီသည် လုပ်ဖော်ကိုင်ဖက် စာရေးဆရာ ကတိက တစ်ဦးမှတစ်ဆင့် ပေါင်းတည်သား စားရေးဆရာ ကဗျာဆရာ အနုပညာသမားတော်တော်များများနှင့် သိကျွမ်းခဲ့၏ ။ သူတို့ပြောပြသော ပေါင်းတည်နယ်၏အလှမှာ ရင်ခုန်ဖွယ်ရာ ဖြစ်ခဲ့သည်.. ။ စိမ်းသော လယ်ကွင်း၊ လန်းသော တောရိပ်၊ မှောင်သောရိုးမ…။ သို့သော် မသက်ရီသည် ဤလှပမှုတို့အား အသေချာ မတွေ့ရ ။ အကြောင်းမှာ အပြင်ဘက်၌ နှောင်းမိုးသည် အငြိုးကြီးကြီးနှင့် သည်းသည်းကြီး ရွာနေပြီဖြစ်သောကြောင့်တည်း။ မီးရထားသည် အရှိန်လျှော့သွားပြန်ကာ ချောင်းငယ်တစ်ခါကိုကျော်ဖြတ်သည်။ ပေါင်းတည်မြို့ကို စဝင်ပြီ။ မီးရထားသည် ရဲဌာနဝင်းဟု သိသာသော အဆောက်အအုံဘေးများမှ စတင် မြို့တွင်းဝင်သည်။

ထိုအခိုက်တွင်းပင် ဦးသိန်းမောင်က သတင်းစာမှ မျက်နှာခွာ၍ စကားဆိုသည် ။” တူမကြီးက ဒီနယ်ကို ပထမဆုံး လာလည်တယ်ဆိုတော့ မေးရဦးမယ်၊ ဘူတာမှာ လာကြိုမယ့်လူတွေ ဘာတွေ ရှိရဲ့နော်… ” “ရှိပါတယ်ဦး၊ ကျွန်မက အငြိမ်းစား တရားဝန်ကြီး ဦးမင်းခိုင်အိမ်မှာ တည်းမလို့ပါ၊ လာကြိုပါလိမ့်မယ် ” “…သြော်…ဦးမင်းခိုင်းဆီလား၊ ဟာ…ဒီလိုဆို လာကြိုမယ့်လူမရှိတောင် မပူပါနဲ့၊ ဘူတာမှာ ဘယ်သူမေးမေး သိကြပါတယ်၊ အဲ…စကားစပ်လို့ ပြောရအုံးမယ်၊ ဦးတို့ပေါင်းတည်နယ်ဟာ ဆရာစံ သူပုန်ကြီးတုန်းက နာမည်ကျော်တာမို့ တချို့က ပေါင်းတည်သားဆိုရင် လူကြမ်းလူရမ်းကြီးတေ ထင်တက်ကြတယ်၊ အင်း ဝံသာနုရေးရာမှ ဦးတို့တေကကြမ်းချင်ကြမ်း၊ ရမ်းချင်ရမ်းမပေါ့လေ၊ ဒါပေမဲ့ သာမန် အချိန်ဆိုရင် ဦးတို့နယ်သားတေက အင်မတန် ဖော်ရွေယဉ်ကျေးတက်ပါတယ်၊ ဆိုလိုတာက ကြိုမယ်လူ မရှိတောင်မှ ဘာမှမပူပါနဲ့လို့၊ ဟုတ်လား… ” မသက်ရီသည် ဟုတ်ကဲ့ရှင် ဟု ယဉ်ကျေးမှုအရ ပြောလိုက်သော်လည်း ရင်တွင်း၌မှု ကျိတ်သဘောကျမိသည်။ ဤနယ်သားတို့သည်မိမိနယ်ကိုမှု အလွန်လေးစား ဂုဏ်ယူဟန် ရှိစွတကား။မသက်ရီနှင့် ခင်မင်သော ပေါင်းတည်သား စာရေးဆရာ သော်တာဆွေကလည်းတစ်ကြိမ်၌ ဝင့်ကြွားစွာ ရေးဖူးသည်။

ပြင်သစ်မှာ ဂစကွန်နယ်၊ အင်္ဂလန်မှာ စကောပြည်နယ်၊ မြန်မာပြည်မှာတော့ ပေါင်းပြည်နယ်… အစ်ကိုဆွေကြီး ပြောသည်မှာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေမသက်ရီမှာ ပေါင်းတည်သို့ရောက်လာခြင်းအတွက်မူ ရင်ခုန်မိရိုးအမှန်ပင်…..။မသက်ရီ အတွေ့ဆုံးမီ မီးရထားသည် ပေါင်းတည်ဘူတာ၌ဆိုက်မိ၏။ မသက်ရီက ဦးသိန်းမောင်အား နှုတ်ဆက်ကာ ခရီးဆောင်သားရေသေတ္တာနှင့် တိုလီမိုလီ ပစ္စည်းများကို ဆွဲ၍ ရထားထက်မှ ဆင်းခဲ့သည်။ အပြင်ရောက်ခါမှ မိုးမှာ ထင်သည်ထက် ပိုသည်းနေမှန်း မသက်ရီသိရသည်။ ပြင်သော လေဟုန်ကြောင့် မိုးသီမိုးစက်များမှာ နေရာအနှံ့စဉ်ပက်နေသည်။ နေ့လယ်ပိုင်း ရှိသေးသော်လည်း မိုးမှာ မှောင်၍ညနေစောင်းထင်ရ၏။ လေးပြင်း၌ ညည်းညူး ယိမ်းယိုင်နေသော သစ်ပင်ကြီးများအသံကို ခွင်း၍ မိုးခြိမ်းသံများ လွှမ်းမိုးနေ၏။ လွယ်အိတ်တွင်းမှ စာကို အဆင်သင့်တွေ့ရသောအခါ စာတိုက်ပုံးတွင်း ထည့်လိုက်ပြီးနောက် ဘူတာရုံ ပလက်ဖောင်ထက် ရပ်ရင်းမသက်ရီသည် ဟိုဟိုသည်သည် မျှော်ကြည့်မိ၏။ မိုးကြောင့်၊ ဆင်းသူနည်း၍လောမသိ၊ ဘူတာ၌ လူရှင်းနေသည်။ မသက်ရီမှာ အနည်းငယ် စိတ်ပူသွား၏။ ဤမိုး ဤလေ ဤရေတွေကြားတွင် သူစိမ်းတစ်ရံဆံမြေ၌ရောက်လာသည်မှာ အားငယ်ဖွယ်မှုကောင်း၏။ မသက်ရီသည် သက်ပြင်းတစ်ချက်ရှိုက်၍ ကိုယ်ကိုမတ်ကာ စိတ်အားတင်လိုက်သည်။ ရေးခြား မြေခြား နိုင်ငံခြား၌ပင် မိမိသည် ကျင်လည်ခဲ့ဖူးလေးသည် မဟုတ်ပါလော။

ထိုအခိုက်တွင်ပင် အသက်လေးဆယ်အရွယ် လူတစ်ဦးက မသက်ရီ၏အပါးသို့ ကပ်လာသည်။ ” ခွင့်ပြုပါခင်ဗျာ၊ ဒေါက်တာသေယ်သက်ရီဆိုတာများ ဖြစ်ပါသလား… ” ထိုသူ၏ မေးခွန်းကြောင့် မသက်ရီမှာ ဝမ်းသာသွားမိ၍ ပြန်မဖြေမီသူအားလည်း လျင်မြန်စွာ အကဲခတ်လိုက်မိသည်။ ရုပ်ရည်မှာ မွန်ရည်၍ ဝတ်ဆင်ပုံမှာရိုးသားသပ်ရပ်၏ ။ယဉ်ကျေးရိုကျိုးသော ဟန်ပြင်၌ ငြိမ်သက်တည်ကြည်မှုလည်းရှသည်။ မသက်ရီ အေးချမ်းစွာ ပြုံးလိုက်ပြီး ” မှန်ပါတယ်၊ ကျွန်မနာမည် သက်ရီပါ ” ဖြေ၏။ ” ကျွန်တော်နာမည် အုံးလှိုင် ခေါ်ပါတယ်၊ သခင်ကြီး ဦးမင်းခိုင်ရဲ့ဘဏ္ဍာစိုးပါ၊ ဆရာမအတွက် သခင်ကြီးက ဒီစာပေးခဲ့ပါတယ်။ ”

ဦးအုံးလှိုင် ပေးသောစာကိုယူရင်း မသက်ရီသည် သူ၏မျက်နှာကို တစ်ချက် ဖျက်ခနဲကြည့်မိသည်။ မိမိကို ဆရာမ ဟုခေါ်သည်ကိုထောက်၍ ဦးအုံးလှိုင်သည် မိမိအား ကောင်းကောင်း ကြိုတင်သိထားပုံရ၏။ စာမှလက်ရေးမှာ မသက်ရီ သေချာစာမှတ်မိသော ဦးခင်းခိုင်၏လက်ရေးဖြစ်သည်။ စာ၌ မထွေထူးမူမပါ။ ဦးမင်းခိုင်မှာ ပြည်သို့အရေးတကြီး ကိစ္စတစ်ရပ်ကြောင့် ထွက်သွားရသဖြင့် ယနေ့အရောက်ပြန်ရန်ကြိုးစားမည်ဖြစ်သော်လည်း ရထားဆိုက်ချိန် မိချင်မှ မီမည်ဖြစ်ကြောင်း၊ မမီသော် မိမိအားခွင့်လွှတ်ရန်နှင့် ဘဏ္ဍာစိုးအုံးလှိုင်အား အစစယုံကြည်ရန် စသည်ဖြစ်၏။

“ကျေးဇူးပါပဲဦးအုံးလှိုင်၊ ရုတ်တရက် ဦးလေး ဦးမင်းခိုင်းကိုမတွေ့ရတော့ ဒီမိုး ဒီလေ အခြေအနေနဲ့မို့ နည်းနည်းစိတ်ပူသွားမိတယ်။ ဒါပေမဲ့ အခုလို ကြိုဆိုသူတွေ့ရတော့လည်း ပြီးတာပါပဲလေ၊ ကဲ…ကျွန်မတို့ သွားကြရအောင်… ” ဦးအုံးလှိုင်က မသက်ရီ၏ လက်တွင်းမှ ပစ္စည်းအချို့အား ကူညီဆွဲယူ၍ ဘူတာအပြင်ဘက်၌ ဆိုက်ထားသော ဗြူးအစ် အမျိုးအစားကားကြီးဆီသို့ ရှေ့ဆောင်လျှောက်လာခဲ့သည်။ ကားနှင့် ဘူတာရုံတံစက်မြိတ်မှာ ငါပေးခန့်သာ ကွာသဖြင့်မသက်ရီသည် ခေါင်းထက်သတင်းစား တစ်ရွက်အုပ်၍ ကား၏ နောက်ခံဘက်သို့ အပြေးလေး ချဉ်းကပ်သည်။ ထိုအခိုက်တွင်ပင် ကားနောက်ခန်းတံခါးသည် ရုတ်တရက်ပွင့်လာသည်။ ထိုခဏတွင်းပင် ထိန်လင်းသောလျှပ်ရောင်နှင့်အတူ ပြင်းထန်သည့် မိုးကြိုးပစ်သံတစ်ချက် ပေါ်ထွက်လာ၏ ။

” အမလေး သေပါပြီ… ” ဤအသံမှာ ကားနောက်ပိုင်းမှ ထွက်လာခြင်းဖြစ်၏ ။ထိတ်လန့်သွားရာမှ မသက်ရီသည် ကားတွင်းသိုကြည့်မိ၏။ ကားနောက်ပိုင်း၌ ဦးအုံးလှိုင်နှင့် ရွယ်တူတူ မန့်မှန်းရသော ဖြူဖြူဖွေးဖွေး ဝဝတုတ်တုတ် မိန်းမကြီးတစ်ဦးကို မသက်ရီ တွေ့ရသည်။ သို့ရာတွင် ယခုမူ ငယ်သံပါအောင် အော်ပြီး၍ ခမျာမှာ ရင်ဘက်လက်နှင့်ဖိ၍တုန်လှုပ်နေ၏။ ” လုပ်ပြီး ဟောဒီ မဦးဟာ ဒီလောက်ကြောက်တက်ရင် အစကတည်းက အိမ်မှာနေခဲ့ပါလား ”  ဦးအုံးလှိုင်သည် ဒေါ်ဦးအား မာန်မဲရင်း မသက်ရီကို ကားတွင်းသို့ တက်ရန် ကူညီပေး၏ ။ သည်အခါမှာ ဒေါ်ဦးသည် ပျာပျာသလဲနှင့် နေရာရွေ့ကာမသက်ရီအား ကြိုဆိုသည်။ အားလုံး နေရာကျချိန်၌ ဦးအုံးလှိုင်သည် ရှေ့ခန်းဒရိုင်ဘာနေရာ၌်ထိုင်၍ ကားကိုစက်နှိုး၏။ အပြင်ဘက်တွင်မူ မိုးမှာ အစွမ်းကုန် သဲသဲမဲမဲ ရွာနေပြီဖြစ်၏ ။ဘူတာရုံမှာ ကားစထွက်၍ မရှေးမနှောင်း၌ ဦးအုံးလှိုင်ကမသက်ရီကို ဒေါ်ဦးနှင့် မိတ်ဖွဲ့ပေးသည်။

” ဆရာမ၊ အဲဒီ ဒေါ်ဦးက သခင်းကြီးရဲ့ အိမ်အုပ်ထိန်းရေး အကြီးအကဲလေ၊ ဆရာမ နေ့စဉ်အတွင်း လိုလေသေးမရှိအောင် ဒေါ်ဦးကတာဝန်ယူပါလိမ်မယ်။ ”  မသက်ရီက ပြုံးချိုစွာနှင့် ဒေါ်ဦးဘက်သို့ လှည့်ကြည့်သည်။ သည်တော့မှ ဒေါ်ဦးကလဲ ကြိုးစားပမ်းစား ပြန်ပြုံးသည်။” ဒေါ်ဒေါ်က မိုးခြိမ်းသံကို ကြောက်တက်တယ် ထင်တယ်… ” မသက်ရီကဆိုသဖြင့် ” ဒေါ်ဦးက… မိုးခြိမ်းသံကိုမကြောက်ပါဘူး လျှပ်စီးလက်တာတော့ သိပ်ကြောက်တယ် တူမရဲ့၊ ဖွ…လွဲပါစေ၊ မကောင်းသူထိပ် ကောင်းသူထိပ်မဟုတ်လား….. ” ဟု စကားပြန်သည်။ မသက်ရီက ရယ်မောမိ၏ ။

” လျှပ်စီးလက်တာကို မကြောက်နဲ့ ဒေါ်ဒေါ်၊ လျှပ်စီးလက်တာမြင်သေးရင် မိုးကြိုးဟာ ဒေါ်ဒေါ်ခေါင်းပေါ်မကျတော့ဘူး၊ ဘာကြောင့်ဆိုတာ နောက်တော့မှ ကျွန်မရှင်းပြမယ်… ” မသက်ရီပြောနေခိုက် လျှပ်စီးမှာ အကြိမ်ကြိမ်လက်၍ မိုးကြိုးသံများ ဆူညံနေ၏ ။ ဦးအုံးလှိုင်ကသာ ကားကို မှန်မှန် မီးဖွင့်မောင်းလာသည်။ ကားသည် ပထမ တောင်ဘက်သို့မောင်းလာ၏ ။ အစိုးရ ဟိုက်စကူးကျောင်းကြီးမှန်း သိသာသော အဆောက်အုံးကြီး အနီးကျသော်အရှေ့ဘက်သို့ဆက်ချိုးလာ၏။”  မိုးတေ လေတွေကိုတူမ၊ အဲ့…..ဆရာမ မကြောက်ဘူးလား ” ငြိမ်နေရာမှ ဒေါ်ဦးက မေးသည်။” ကျွန်မတော့ မိုးတွေလေတွေကို သိပ်ချစ်တယ် ဒေါ်ဒေါ်…..”  ဒေါ်ဦးက သက်ပြင်းချ၏ ။

ဤတွင် ကားရှေ့ခန်းမှ ဦးအုံးလှိုင်က ဟောက်လိုက်၏။ “ခများကြီး ဒေါ်ဦး ဆရာမကို ဘာတွေလျှောက်ပြောနေတာလဲ ” “ကျုပ်ကြောက်တာကြောက်တယ်ပြောတာ တော်က ဝင်ဟန့်နေပြန်ပြီ၊ ကြောက်တာကကြောက်တာပဲ ဟုတ်တယ်မလား၊ ခလေးမ အဲ…ဆရာမ ” အဘိုးကြီးနှင့် အဘွားကြီးကိုကြည့်ကာ မသက်ရီသည် ရယ်ချင်မိ၏။ သို့သော် ဣနြေ္ဒထိန်း၍ မေးရ၏။” မိုးတေလေတေကြောက်ရင် အိမ်မှာပဲနေခဲ့ပါလား ဒေါ်ဒေါ်အလကားဒုက္ခရှာလို့…” ဤသည်ကို ဒေါ်ဦးက ပြူးပြူးပျာပျာ ရှင်းသည်။ “အံမလေး မိုးတွေ လေတွေကို ကြောက်ရဲ့၊ ဒါပေမဲ့ ဒီအိမ်ကြီးမှာတော့ မနေဝံ့ပေါင်ရှင်၊ ဖွဟဲ့ လွဲပါစေ ၊မိုးကြိုးအပြစ်ခံရတာကမှ တော်ဦးမယ် ”  ဒေါ်ဦးမှာ စကားမဆုံးလိုက်ရ ။ဦးအုံးလှိုင်က ရှေ့ခန်းမှဟန့်တားသည်။”  ဒီအမယ်ကြီး ဘာတွေ မဟုတ်တာ ဆရာမကိုပြောဦးမလို့လဲ၊ ” ဒါပေမဲ့ ဤအကြိမ်တွင်မူဒေါ်ဦးသည် ငြိမ်ကျသွား၏။

မသက်ရီက ဒေါ်ဦးကိုလည်ကောင်း၊ ဦးအုံးလှိုင်ကိုလည်ကောင်း တစ်လှည့်စီကြည့်မိသည်။ ပဟေဠီ တစ်ရက်က မသိမသာစလာသည်။ ကားသည်မြို့ခင်းလမ်းများ၌ တွေ့ရတက်သော ကျောက်ခင်းလမ်း အတိုင်းမောင်းလာရာမှ ညီညာသော မြေနီလမ်းတစ်ခုသို့ ချိုးဝင်လာသည်။ ထိုအခါတွင် မြို့၏သစ်ပင်ကို ဖုံးကွယ်နေသဖြင့် ခေတ္တ ပျောက်နေခဲ့သော စိမ်းလန်းသည့်လယ်ကွင်းကြီးများ ပြန်ပေါ်လာသည်။ မိုမြူးတံတိုင်းကိုခွင်း၍ အဝေးဝယ် ရိုးမတောင်တန်းကို ရေးရေးမြင်ရ၏။ မြေနီလမ်းသည် ခြံကျယ်ကြီးတစ်ခုအတွင်းသို့ တည့်တည့် ဦးတည်သွား၏။ ခြံအတွင်းရှိ ခေတ်မီ နှစ်ထပ်တိုက်ကြီး၏ ဆင်ဝင်အောက်၌ ကားသည် ဆိုက်၏။ ဦးအုံးလှိုင်နှင့် ဒေါ်ဦးသည် မသက်ရီအား ဧည့်ခန်းဆောင်သို့အလျင်ခေါ်သွားသည် ။ ဧည့်ခန်း၌ ဦးမင်းခိုင်ကို တရာဝန်းကြီး အဆောင်အယောင်နှင့် ခံညားသော ဓာတ်ပုံကြီးရှိသည် ။

”  ဦးလေးဦးမင်းခိုင်က ပြည်ကိုရထားနဲ့ပဲ သွားပါသလား ” ဧည့်ခန်း၌ ထိုင်မိစဉ် မသက်ရီက စကားစရှာကြံ၍ မေးရသည်။ “မဟုတ်ပါဘူး ဆရာမ၊ ဂျစ်ကားနဲ့ပါ ၊ ဒီနေ့လယ် ပြန်ရောက်ဖို့ပဲ၊ လမ်းမှာမိုးမိပြီး ကားများပျက်လားမပြောတက်ဘူး ၊ ကိစ္စတော့မရှိပါဘူး ဒရိုက်ဘာ မောင်စံကြူးပါသွားပါတယ်၊ တော်ရုံတန်ရုံပျက်တာဆို မောင်စံကြူးကပြင်တက်ပါတယ်… ” ဦးအုံးလိုင်က မသက်ရီကို ရှင်းပြပီးနောက် ဒေါ်ဦးဘက်သို့ လှည့်၍ ” ကဲ…ဒေါ်ဦး၊ ဆရာမကို အခန်းတေဘာတေ လိုက်ပြပါ၊ ပြီးတော့ ခများကြီး ဘာမှလေတေ ဆက်ရှည်မနေနဲ့ဦးနော်၊ ရထားစီးလာရတာ ညောင်းလို့ ဆရာမ နားချင်နားပါစေဦး ” ဟုတစ်ဆက်တည်းပြော၏…။ အပေါ်ထက်သို့ တက်ခဲ့မှ တိုက်ကြီး၏ ခေတ်မှီခံညားမှုကို မသက်ရီမှာ ပို၍ သတိပြူမိသည်။ ” အိမ်ကြီးကသိပ်ကောင်းတာပဲနော် ” မသက်ရီက မှတ်ချက်ချသည်။ဆရာမက ” ဒီအိမ်ကို သဘောကျသလား ” ဒေါ်ဦး၏မေးဟန်၌ အဓိပ္ပာယ် တစ်မျိုး သက်ဝင်နေသဖြင့် မသက်ရီက ဖျက်ခနဲ မောကြည့်မိ၏။ ” သဘောကျပါတယ်၊ အိမ်ကြီးကိုတော့ သဘောကျပါတယ် “…ဒေါ်ဦးမှ စကားရပ်သွား၏ ။

” အိမ်ကြီးကို သဘောကျတယ်၊ ဟုတ်လား ဒေါ်ဦး၊ ဘာကိုသဘောမကျလဲ ”  ဒေါ်ဦးမှာ သိသိသာသာ တုန်လှုပ်သွားပြီး သွက်သွက်ငြင်းသည်။ ” အို…အို..ဒီလိုမဟုတ်ပါဘူး၊ဒီလိုမဟုတ်ပါဘူး၊ ဟို…..အဲ…..ဟဲ့…ငြိမ်းခင် ပစ္စည်းတေချတော့လေ အခန်းရောက်ပြီ…” ဒေါ်ဦး သည် စကားကို မဆုံဘဲ ဇွတ်ပိတ်ရပ်ပစ်၏။ အခန်းတစ်ခုရှေ့၌လည်း ရောက်မိကြပြီး ဖြစ်သဖြင့် ငြိမ်းခင်က ပစ္စည်းများကို ချခိုက် စိတ်မကျေနပ်မိပြန်သည်။ အခန်းမှာ အနောက်နိုင်ငံ ဟိုတယ်ကြီးများမှာပထမတန်း အခန်းမျိုးဖြစ်သည်။ အခန်းတခါး၌ချက်မရှိဘဲ သော့သာရှိ၏ ။ ဒေါ်ဦးက မသက်ရီအား သော့တစ်ချောင်း ကိုပေးသည်။”  ဒါ တူမကြီးအတွက်ပဲ၊ ပြီးတော့ ဟောဒီခလုတ်ကို အထဲကနေဒီလိုချထားရင် အပြင်ကဘယ်လိုမှ ဖွင့်လို့မရဘူး ” ဒေါ်ဦးက ရှင်းပြသဖြင့် ” မသက်ရီက ဟုတ်ကဲ့ ဒေါ်ဒေါ် ကျွန်မနားလည်ပါတယ် ” ဟု ဆိုရသည်။ ပစ္စည်းများကို ချပေးပြီး ငြိမ်းခင် ထွက်သွား၏ မသက်ရီက အခန်းကို လှည့်လည်ကြည့်မိသည်။ အခန်းမှာ အလျားပေးနှစ်ဆယ်၊ အနံဆယ်ငါးပေးခန့ရှိ၍ ကောင်စွာကျယ်ဝန်းသည်။ အိတာလျံ ကျောက်ပြားကာ ရေဆွဲအိမ်သာနှင့် ရေချိုးခန်း တွဲဖက်ပါရှိသည်။ မသက်ရီက ပြတင်းပေါက်များဆီ ကပ်သွားပီး မသက်ရီက ပြတင်းမှန်တခါးကို ဖွင့်သည်။ ” အို…ဆရာမ မဖွင့်နဲ့လေ ” ဒေါ်ဦးက ထိပ်လန့်တကြားတားသည်။ ” ဘာဖြစ်လို့လဲ ဒေါ်ဦး၊ မိုးလဲစဲပါပြီ၊ မိုးကြိုးတွေဘာတွေလည်း မပစ်တော့ပါဘူး ” မသက်ရီက ရယ်မောရင် တံခါးကိုဖွင့်ဖြစ်အောင် ဖွင့်လိုက်ပြီး ဒေါ်ဦးအနီးတွင်လာထိုင်၏

မသက်ရီပြုံး၍ ဒေါ်ဦးကို စိုကိကြည့်သည်။ ဤမိန်းမကြီးကို ဆရာမက စိတ်ဝင်စားမိပြီဖြစ်သည်။ ငြိမ်နေရာမှ ဒေါ်ဦးကမသက်ရီ မမျှော်လင်သောမေးခွန်းကို မေး၏။” ဆရာမက ဒေါက်တာဘွဲ့ရထားတယ်ဆိုတော့ ဆရာဝန်ပေါ့ဟုတ်လား၊ ဘွဲ့ရဖို့ ရင်ခွဲရုံထဲမှာ လူသေတွေနဲ့ ညအိပ်ရတယ်လို့ပြောတယ်၊ ဆရာမ မကြောက်တက်ဘူးလား ” ဤအချိန်တွင် မသက်ရီသည် အသံများထွက်အောင်ရယ်မိသည်။ “ကျွန်မက ဒေါက်တာဆိုပေမဲ့ ဆရာဝန်မဟုတ်ပါဘူး ဒေါ်ဒေါ် ပြီးတော့ ဆရာဝန်မဟုတ်ပေမဲ့ ကျွန်မ မကြောက်တက်ဘူး ” ဒေါက်တာလည်း ဆို၍ ဆရာဝန်မဟုတ်ဟုဆိုသော မသက်ရီအား ဒေါ်ဦးသည် စိတ်ရှုပ်ထွေးသွားဟန်နှင့် ကြည့်၏။ ထိုနောက်တစ်စုံတစ်ခု ဆက်လေရှည်တော့မည်ဟန် ပါး စပ်ပြင်သည်။ သို့ရာတွင် အောက်ထပ်မှ

” ဒေါ်ဦး ဒေါ်ဦး ” ဟု ဦအုန်းလှိုင်၏ခေါ်သံ ကြားရသဖြင့် စကားမစပ်တော့ပဲ နေရာမှ ထသည်။

” ဟော …. ဒီဟာကြီးကလည်း တစ်မှောင့်ပဲ ၊ စကားကို ကောင်းကောင်း မပြောရဘူး ၊ လာပြီ … တော်ရေ … လာပြီ ဪ … ဆရာမ ဒီမှာ ခဏ ”  ဒေါ်ဦးသည် သွက်လက်စွာဖြင့် မသက်ရီ၏ လက်ကိုဆွဲကာ ခုတင်ခေါင်းရင်းဘက်ရှိ စာရေးစားပွဲဆီ ခေါ်လာ၍ အံဆွဲတစ်ခုကို ဆွဲဖွင့်လိုက်၏ ။ အံဆွဲအတွင်းမှ ဒေါ်ဦး ဆွဲယူထုတ်လိုက်သော အရာမှာမူ မသက်ရီအတွက် အထူးအဆန်းဖြစ်နေသည်။ ဗန်ကောက်ပိုးစတစ်စဖြစ်သည်။ အရောင်မှာ သင်္ကန်းရောင်တည်း။

” အဲ့ဒါ အင်းလေးဖောင်တောင်ဦးစေတီက ဗန်ကောက်သင်္ကန်းတော်ပဲ ၊ မောင်စံကြူ သခင်ကြီးနဲ့ ရှမ်းပြည်နယ်လိုက်သွားတုန်းက ငွေသုံးဆယ် ပေးပြီး လေးငါးစ အဒေါ်မှာလိုက်ရတာ ၊ မကောင်းဆိုးဝါးဒွေ မကပ်နိုင်ဘူး ၊ သေနတ်တောင် ပြီးသတဲ့ ၊ ဆရာမ အိပ်လို့ရှိရင် ခုတင်ခေါင်းရင်းမှာ ချည်ထား ၊ ကြားလား ၊ အဒေါ်တော့ ကြည့်စမ်း ဟောဒီမှာ …..”  ဒေါ်ဦးသည် သူ့ဆံပင်ကို ဖြဲပြသည် ။ ဆံပင်တွင်းမှ ဗန်ကောက်သင်္ကန်းစ တစ်စ ပေါ်လာသည်။ မသက်ရီ၏ ဒေါ်ဦးအပေါ် စိတ်ဝင်စားမှုသည် အံ့သြခြင်းသို့ ပြောင်းလဲလာသည် ။ ဘာရည်ရွယ်ချက်နှင့် ဤအဘွားကြီးသည် ဤပစ္စည်းများကို ပြနေရသနည်း။ ထိုစဉ် အောက်ထပ်မှ ခေါ်သံသည် ပေါ်လာပြန်၏။

” ဒေါ်ဦး ခင်ဗျား ဘာလုပ်နေတာလဲ ” ဒေါ်ဦးသည် သင်္ကန်းစကို ကပျာကယာ မသက်ရီ၏ လက်တွင်းသို့ထည့်၍ အပြင်ဘက်သို့ ထွက်ပြေး၏။ အပေါက်ဝရောက်မှ လှည့်ကာ မသက်ရီအား မှာပြန်သည် ။ ” ဆရာမ တံခါးကို အထဲက ခလုတ်ချထားနော် ”  ဒေါ်ဦးပျောက်သွားသောအခါ မသက်ရီမှာ ဗန်ကောက်သင်္ကန်းစ ကိုင်ရင်း ငိုင်ကျန်ရစ်သည်။ မသက်ရီသည် သက်ပြင်းချလိုက်၍ သင်္ကန်းစကို အံဆွဲအတွင်းသို့ ရိုသေစွာ ပြန်ချထားလိုက်သည်။ ထိုအခိုက်တွင်ပင် မိမိထံရေးခဲ့သော ဦးမင်းခိုင်၏စာမှ အပိုဒ်တစ်ပိုဒ်ကို သတိရမိ၏။

” ဦး ရင်ဆိုင်နေရတဲ့ ပြဿနာက ရုတ်တရက် ဖွင့်ပြောဖို့ ခက်တယ် တူမကြီး ၊ တူမကြီးအနေနဲ့တော့ ဦးကို ကူညီနိုင်လိမ့်မယ်ထင်ပါတယ် ၊ သီတင်းကျွတ်ကျောင်းပိတ်ရက်မှာ ဦးဆီကို လာလည်စေချင်တယ် ၊ ဒီတော့မှပဲ အကြောင်းစုံ ဖွင့်ပြောပါရစေ ”  ဦးမင်းခိုင် ရင်ဆိုင်နေရသော ပြဿနာနှင့် ကြောက်ရွံ့တက်သော ဒေါ်ဦးသည် မည်သို့ဆက်သွယ်နေသနည်း ။ လုံလောက်သော အချက်အလက်မပြည့်စုံခင် စဉ်းစားခန်းမဝင်လိုသော မသက်ရီသည် အတွေးစကိုဖြတ်၍ အဝတ်အစားလဲသည် ။ အိပ်ရာထက် ခေတ္တလှဲလျောင်း အနားယူနေစဉ် အပြင်ဘက်မှ တံခါးခေါက်သံ ကြား၏။

” ဝင်ခဲ့လေ ” တံခါးမှာ ပွင့်သွား၍ ငြိမ်းခင် ဝင်လာသည်။ ဖြူဖြူစင်စင် တောင့်တောင့်ဖြောင့်ဖြောင့်နှင့် ရဲဝံ့ဟန်ရှိသော ငြိမ်းခင်က ခုတင်ဘေး၌ လာရပ်၏။  ” ဘာလဲကွဲ့ ငြိမ်းခင် ” ” ဘတ္တလာက မေးခိုင်းလို့ပါ မမ ၊ လန့် (ခ်ျ) ( နေ့ခင်းစာ) စားဦးမလားတဲ့ ၊ စားချင်ရင် ဘာများ အထူးနှစ်သက်ပါသလဲတဲ့ ” ” ဪ …. ဪ …. ဒါထက် ၊ ညစာကို ဒီအိမ်မှာ ဘယ်အချိန်စားသလဲ မငြိမ်းခင် ” သခင်ကြီးက ည ၇ နာရီတိတိမှာ စားပါတယ် ” ” ဒီလိုဆိုရင် နောက်နေ့တွေမှာ မမ နေ့လည်စာ ကောင်းကောင်းစားချင်တယ် ၊ နွားနို့နဲ့ ကြက်ဥဟက်ဘွိုင်ရနိုင်ရင် လိုချင်တယ် ၊ ကျန်တာတော့ ကြိုက်တာလုပ်ပေါ့ ဟုတ်လား ၊ ဒီနေ့တော့ မမ ရထားပေါ်မှာ စားခဲ့တာမို့ မဆာလို့ မစားတော့ဘူး ” မသက်ရီက ပြုံး၍ စကားကို အဆုံးသတ်လိုက်သည် ။ ငြိမ်းခင်မှာ ကိစ္စပြီးပြတ်၍ ထွက်သွားရန်သာ ရှိသော်လည်း ထွက်မသွားသေးဘဲ ငြိမ်နေ၏။ နှုတ်ခမ်းလေးဒွေမှာ လှုပ်နေ၍ တစ်စုံတစ်ခုကို ပြောလိုဟန်တူသည် ။ ဤသည်ကို မသက်ရီက ကောင်းစွာ ရိပ်မိသည် ။

” ပြောလေ မငြိမ်းခင် ၊ မမကို ဘာပြောစရာရှိလို့လဲ ” သို့သော် မငြိမ်းခင်၏ အမူအရာမှာ ပြောင်းလဲသွားသည် ။ ” မဟုတ်ပါဘူး မမ ၊ ကျွန်မ အထူးပြောစရာမရှိပါဘူး ၊ မမ ဒီမှာနေတုန်း အစစ ကျွန်မကို ခိုင်းနိုင်ပါတယ် အဲ့ဒါ ပြောမလို့ပါ ”  ငြိမ်းခင်၏ ဖုံးဖိပုံမှာ မပိရိ ။ သို့ရာတွင် မသက်ရီက ဤမျှနှင့်သာ ကျေနပ်လိုက်ရ၏။ ” ကောင်းပါပြီ မငြိမ်းခင် ၊ ကျေးဇူးတင်ပါတယ် ၊ ကဲ … သွားနိုင်ပါပြီကွယ် ” ငြိမ်းခင်သည် ထွက်သွား၏။ မသက်ရီသည် ပထမဦးစွာ ဤအိမ်ကြီးအား သင်္ကာမကင်းဖြစ်သွားသည် ။ ဘာရယ်တော့ မသိ ။ မည်သို့ပင်ရှိစေ ။ ယခုအထိ တွေ့ခဲ့ရသော အိမ်သူအိမ်သားများ၏ အမူအရာ အပြောအဆိုတို့မှာ တစ်မျိုးတစ်ဖုံ ထူးဆန်းနေသည် ။

မသက်ရီသည် အိပ်ရာထက် ဆက်လက် မလှဲတော့ပဲ ပြတင်းဝဆီ ထွက်လာခဲ့၏။ အပြင်၌ မိုးမှုန်ဖွဲဖွဲလေးများသာ ကျနေသည် ။ လေပြင်းမှာလည်း ငြိမ်သွား၍ မုတ်သုံသည် စပါးပင်များကို လှိုင်းထရုံ ညင်ညင်သာသာ တိုက်နေ၏။ ပြာမှိုင်းသော ရိုးမကြီးမှာ ထင်ရှားလှ၏။ ရိုးမထိပ်၌ ကျော်လွှားနေသော မိုးဖြူတိမ်စုတို့ကို မြင်ရ၏။ မသက်ရီက အေးချမ်းလတ်ဆတ်သော လေကို ရှူရင်း ခြံတွင်းသို့ အမှတ်မထင် ကြည့်မိ၏။ အိမ်ကြီးမှာ မြောက်ဘက်သို့ မျက်နှာမူထားသည် ။ မိမိနေသော အခန်းမှာ တောင်ဘက်လယ်ကွင်းများဆီ ကောင်းကောင်းမြင်ရသည်ထောက်၍ အိမ်အနောက်ဘက် အတန်ကျမှန်း မသက်ရီက သိမိ၏။

အိမ်နောက်ပိုင်း တောင်ဘက်ခြံစပ်၌ အစေခံတို့အတွက် ဖြစ်ဟန်တူသော တစ်ထပ်တိုက် တန်းလျားကလေး နှစ်ခုနှင့် အဝီစိတွင်း ၊ ရေတိုင်ကီ၊ ရေစုပ်စက်ခန်း အဆောက်အအုံတို့ကို မသက်ရီ မြင်ရ၏။ ပေါင်းတည်သားပီပီ နယ်ကိုချစ်သော ဦးမင်းခိုင်သည် တစ်ခြားအရာရှိကြီးများကဲ့သို့ မြေဈေးကြီးသော ရန်ကုန် ၊ ပြင်ဦးလွင် စသည်တို့ကို မမင်ပဲ ဇာတိရပ်ရွာ၌ အကျအန အခြေလာစိုက်ထားမှန်း သိသာသည် ။ အနောက်နိုင်ငံ တောတောင်ရေမြေတို့ကို ငြီးငွေ့၍ မြန်မာ့တောတောင်ရေမြေတို့ကို ပိုမိုမြတ်နိုးခဲ့သော မသက်ရီအတွက် ချောင်း မြောင်း လယ်ယာ ရိုးမတောင်မင်းတို့နှင့် မြန်မာပီသလှသော ဤပေါင်းတည်နယ်၏ ရှုခင်းကို နှစ်သက်မိလျက်သား ဖြစ်နေသည် ။ မိုးဝယ် စိမ်းလန်းသာယာသော ရှုခင်းကို ငေးကြည့်နေသော မသက်ရီမှာ ခြေသံလိုလို အသံတစ်ခုကြောင့် နားစွင့်ထောင်မိသည် ။ ခြေသံမှာ ဖော့နင်းလာသော အသံဖြစ်၏ ။ တစ်ချီတစ်ချီတွင် ရပ်သွား၏ ။ လျှို့ဝှက် ဖော့နင်းလာဟန်တူသော ခြေသံမှာ မိမိ၏ အခန်းရှေ့၌ ရပ်သွားမှန်း မသက်ရီ သတိပြုမိ၏ ။ ထိုအခိုက်တွင်ပင် မသက်ရီ၏ အခန်းတံခါးကို တစ်စုံတစ်ယောက်က အပြင်မှ လက်ကိုင်လှည့်၍ အသာ တွန်းဖွင့်သည် ။

” ဘယ်သူလဲ မငြိမ်းခင်လား ” မသက်ရီ၏ မေးသံ ထွက်ပေါ်လာချိန်တွင် တံခါးသည် အလန့်တကြား ပြန်ပိတ်သွား၍ ခပ်သွက်သွက် ထွက်ပြေးသွားသော ခြေသံသည် ပေါ်လာ၏ ။ မသက်ရီက တံခါးဆီသွားကာ ဖွင့်လျက် အပြင်သို့ ကြည့်သည်။ အခန်းစင်္ကြံထောင့်ချိုးတစ်ခု၌ လူရိပ်သဏ္ဌာန် တစ်ခုသည် ဖျတ်ခနဲ ပျောက်ကွယ်သွား၏ ။
မသက်ရီက ရှေ့ဆက်လိုက်မည်ပြုပြီးနောက် သတိရကာ အခန်းအတွင်းသို့ ပြန်ဝင်လာခဲ့၏။ မသက်ရီသည် လက်ဆွဲအိတ်တွင်းမှ ဒန်ရောင် ခြောက်လုံးပြူးလေးကို ထုတ်ယူမိသည် ။ အမေရိကန်မှ ပြန်လာစဉ်က လှ၍ ဝယ်လာသော လက်နက်ကလေးဖြစ်သည် ။ ယခုမူ အားကိုးစရာဖြစ်နေပေပြီ ။ မသက်ရီသည် ငါးမိနစ်ခန့် ငြိမ်စောင့်နေသည် ။ ဘာသံမှ မကြားရသည့်အဆုံးတွင် ခြောက်လုံးပြူးလေးကို လက်ဆွဲအိတ်တွင် ပြန်ထည့်ထားလိုက်၏။ ရေမိုးချိုး အဝတ်လဲရန် ကိစ္စကလည်း ရှိသေးသည် ။ ဤတစ်ကြိမ်တွင်မူ မသက်ရီသည် ဒေါ်ဦး၏ အမှာစကားကို အတိအကျ လိုက်နာ၏။ ရေချိုးရန် မပြင်ဆင်မီ မသက်ရီသည် အခန်းတံခါးကို အတွင်းမှ ခလုတ်ချပိတ်လိုက်သည် ။ အပိုင်း (၂) ဆက်ရန် ………

 

minkoko110