မြန်မာ့သိုင်းပညာကို ကမ္ဘာကိုဖော်ထုတ်ပြခဲ့သူ ဒေါက်တာမောင်ကြီး

မြန်မာ့သိုင်းပညာရှင်တစ်ယောက်ဖြစ်သော ဒေါက်တာမောင်ကြီးကို ၁၉၃၆ခုနှစ်တွင် မွေးဖွားခဲ့သည်။ သူ့အား ၁၉၆၀ ခုနှစ်ဝန်းကျင်ကမြန်မာ့သိုင်းပညာတစ်မျိုးဖြစ်သည့် ဗန်တိုပညာရပ်ကို အမေရိကန်နိုင်ငံတွင် စတင်ပြန့်ပွားစေခဲ့သူအဖြစ် လူသိများသည်။ သူ့အားဒေါက်တာကြီး(Dr. Gyi)ဟု ခေါ်လေ့ရှိသည်။

ဒေါက်တာမောင်ကြီး၏ ဖခင်မှာ ပညာရေးဝန်ကြီးဌာန အားကစားနှင့် ကာယပညာဒါရိုက်တာ နှင့် သိုင်းပညာရှင်ဖြစ်သူ ဆရာဘသန်း(ကြီး) ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် ဆရာဘသန်းကြီးသည် မန္တလေးမြို့တွင်အခြေချခဲ့ပြီး ၁၉၅၀နောက်ပိုင်းတွင်မူ ရန်ကုန်သို့ပြောင်းရွှေ့နေထိုင်ခဲ့သည်။ သားဖြစ်သူ အားငယ်စဉ်ကတည်းက ကျန်းမာရေးကောင်းမွန်စေရန် အားကစား နှင့် သိုင်းပညာရပ်များ အထူးတလည်သင်ကြားစေခဲ့သည်။

ဖခင်၏ တိုက်တွန်းသင်ကြားမှုနှင့်အတူ သိုင်းပညာကိုဝါသနာပါသည့် မောင်ကြီးသည် ငယ်စဉ်ကတည်းက သိုင်းပညာမျိုးစုံကို သင်ကြားခဲ့သည်။ အရှေ့တိုင်း အနောက်တိုင်း သိုင်းပညာရပ်များကို ဆရာမျိုးစုံထံတွင်ဆည်းပူးခဲ့သည်။ မန္တလေးရှိ Gymkana ကလပ် ၊ မေမြို့ နှင့် ရန်ကုန်မြို့ရှိ အားကစားကလပ်များ ၊ ရန်ကုန်ချိုင်းနားတောင်းရှိ တရုတ်အားကစားစင်တာများတွင် သိုင်းပညာများလေ့ကျင့်ခဲ့သည်။

ဒေါက်တာမောင်ကြီး၏ ဆရာများမှာ လူမျိုးဘာသာပေါင်းစုံဖြစ်သည်။ ဆရာစောနီ ၊ ဆရာ အေ.ခန်း ၊ ဆရာတင်လှ ၊ ဆရာဇော်ပန် ၊ ဆရာတင်ထွန်း ၊ ဆရာလူရှိုင်း ၊ ဆရာဘသိန်း ၊ ဆရာ ဘာတန်ဂျီရိုင်း ၊ ကျားဘညိမ်း စသည်တို့မှာ ဒေါက်တာမောင်ကြီး၏ ဆရာများဖြစ်သည်။ ၁၉၅၀တွင် ဂျပန်နိုင်ငံကောလိပ်တစ်ခုတွင် ပညာသင်ယူရင်း ကစ်ဘောက်ဆင်ပညာကို တတ်မြောက်လာခဲသည်။

၁၉၆၀ တွင် အမေရိကန်သို့ရောက်ရှိခဲ့ပြီး အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့သို့ရောက်ရှိခဲ့သည်။ ထိုအချိန်က မြို့အတွင်းတွင် လူမိုက် လူဆိုးများ အလွန်ပေါလျှက်ရှိပြီး နိုင်ငံခြားခရီးသွားများ ၊ ရဲဝန်ထမ်းများနှင့် ပြည်သူများကို မကြာခဏပြသနာရှာလေ့ရှိသည်။ ရဲဌာနများကလည်း မနိုင်မနင်းဖြစ်နေသည့်အချိန်ဖြစ်သည်။ တစ်နေ့ မောင်ကြီးလမ်းလျှောက်လာစဉ် လူဆိုး လူငယ် ၃ယောက်တို့သည် မောင်ကြီးအား တိုက်ခိုက်ခဲ့သဖြင့် ကာကွယ်ခဲ့ရသည်။ ရန်ပွဲအပြီးတွင် မောင်ကြီး၏ ခန္ဓာကိုယ်တွင် အသေးစားပွန်းပဲ့မှုများသာဖြစ်ခဲ့သော်လည်း မောင်ကြီးအားတိုက်ခိုက်ခဲ့သူ လူဆိုး ၃ယောက်သည် အရိုးများကျိုးခြင်း ၊ အဆစ်လွဲခြင်း ၊ မျက်နှာများတွင် စုတ်ပြဲဒါဏ်ရာများရကုန်၏။ ထိုမျှလောက်ပင်ဒါဏ်ရာရခြင်းမှာ မောင်ကြီးက သေကွင်းသေကွက်နေရာများကို မတိုက်ခိုက်ခဲ့သောကြောင့်ပင်ဖြစ်သည်။

ထိုအဖြစ်အပျက်ပြီးသည့်အချိန်မှ စ၍ မည်သည်လူဆိုးကမျှ မောင်ကြီးအား စိန်မခေါ်ရဲတော့ပေ။ ထိုဖြစ်ရပ်ကိုမြင်သွားသူတချို့က သိုင်းပညာသင်ကြားပေးရန် မောင်ကြီးထံတွင်တောင်းခံခဲ့သည်။ မောင်ကြီးက လိုက်နာရမည့်စည်းကမ်းချက်များကို လိုက်နာနိုင်လျှင်သင်ပေးမည် ဟုဆိုပြီး NW Washington ပန်းခြံထဲတွင် အခြေခံဗန်တိုပညာကို စတင်သင်ကြားပေးခဲ့သည်။ ထိုအချိန်က အမေရိကန်တွင် ဗန်တိုပညာကို မည်သူမျှမသိသေးသော်လည်း တရုတ် ၊ ကိုရီးယား နှင့် ဂျပန် သိုင်းပညာများက နာမည်ကြီးနေပြီဖြစ်သည်။ ထို့ကြောင့်လည်း “အဲဒီတုန်းက ဒီနေရာမှာ ဒီသိုင်းပညာကို သိတာ ကျွန်တော်တစ်ယောက်ထဲ ၊ ဘာနဲ့တူသလဲဆိုတော့ သမုဒ္ဒရာထဲက ငါးမန်းကြီးတွေကြားမှာ ကူးနေရတဲ့ ငါးလေးတစ်ကောင်နဲ့တူတယ်” လို့ ဒေါက်တာမောင်ကြီးက ပြောဖူးသည်။

ဗန်တိုကို စိတ်ဝင်စားလာကြသူတပည့် အနည်းငယ်ရရှိပြီးနောက် ၂နှစ်ခန့် အပြင်းအထန်လေ့ကျင့်စေခဲ့သည်။ ထိုသူများမှာ Hugh McHugh, Joe Manley, Lloyd Davis, Bob Maxwell, Mark Bjishkian, Geoff Willcher စသည့် နောင်တွင် ဗန်တိုသိုင်းပညာရှင်ဖြစ်လာမည့်သူများဖြစ်သည်။ ၂နှစ်ကြာပြီးနောက် ဆရာမောင်ကြီး၏ တပည့်များသည် အခြားသိုင်းပညာရပ်မှ ကျွမ်းကျင်သူများနှင့် အသာအယာယှဉ်ပြိုင်နိုင်ခဲ့ပြီဖြစ်သည်။ ထိုတပည့်များနှင့်အတူ ၁၉၆၆ခုနှစ်တွင် အိုဟိုင်းယိုးပြည်နယ် အေသင်မြို့တွင် အမေရိကန်ဗန်တိုသိုင်းအဖွဲ့ (ABA) ကို စတင်တည်ထောင်ခဲ့သည်။

၁၉၆၅ခုနှစ်တွင် အမေရိကန် Eagles men ဘောလုံးအသင်းတွင် နည်းပြလုပ်ခဲ့သေးသည်။ ထို့နောက်တွင် ဗန်တိုပညာရပ်များကိုမြှင့်တင်ရင်း အရှေ့တောင်အာရှသိုင်းပညာများကို အမေရိကန်လူမျိုးတို့အား တွေ့ထိစေခဲ့သည်။ ယခုအချိန်တွင် ဗန်တိုသိုင်းပညာသည် အမေရိကန်ပညာရှင်များအကြားတွင် သိသာထင်ရှားနေပြီဖြစ်သည်။ ဦးဘသန်းကြီး ( ဒေါက်တာမောင်ကြီး ၏ ဖခင် ) တည်ဆောက်ခဲ့သော ဗန်တိုစနစ်တွင် တောရိုင်း တိရိစ္ဆာန် နည်းစနစ် ၉ ခု ပါရှိသည် ။

ထို့ကြောင့် ဆရာမောင်ကြီးက အမေရိကန် ဗန်ဒို သင်တန်းကျောင်း တွေမှာ ဗန်ဒိုရဲ့ အခြေခံ ကျင့်စဉ်တွေနဲ့ အဓိက ပုံစံ ၉မျိုးဖြစ်တဲ့ Bull, Boar, Cobra, Viper, Python, Panther, Tiger, Scorpion နဲ့ Eagle ပုံစံတို့အပြင် ၊ ဓားသိုင်း ၉မျိုး ၊ တုတ်သိုင်း ၉မျိုးတို့ကိုလည်း ဆန်းသစ်သင်ကြားစေခဲ့သည်။ အိုဟိုင်းယိုးတက္ကသိုလ်တွင် လူမှုဆက်ဆံရေးနှင့် စိတ်ပညာ ပါမောက္ခတာဝန်ကိုထမ်းဆောင်ခဲ့သည့်အပြင် ဘောလုံးနည်းပြ နှင့် ဘောက်ဆင်နည်းပြ အလုပ်များကိုလည်း လုပ်ခဲ့သေးသည်။

ဒေါက်တာမောင်ကြီး၏ ကျေးဇူးကြောင့် ယနေ့အခါတွင် ဗန်တိုသိုင်းပညာကို ကမ္ဘာကသိရှိခဲ့ပြီဖြစ်သည်။ သိုင်းပညာသင်ကြားခြင်းမှ အနားယူပြီးနောက် ဒေါက်တာမောင်ကြီးသည် လူထုအနုပညာခေါ် Folk art ပန်းချီများရေးဆွဲရင်း ဘ၀ကိုအေးချမ်းစွာ ဖြတ်သန်းလျှက်ရှိသည် ဟိုသိရသည်။

စိတ်ဝင်စားရင် အောက်က ဒေါက်တာမောင်ကြီးရဲ့ ဗီဒီယိုတွေကြည့်သွားပါဦး

ဂေါ်ရခါးဓားသိုင်းသင်ပေးစဉ်

တုတ်သိုင်းသင်ပေးစဉ်

(အွန်လိုင်းပေါ်မှာ ဒေါက်တာမောင်ကြီးရဲ့ ဓာတ်ပုံတစ်ပုံကိုတွေ့မိရာမှ သိချင်လာတဲ့အတွက် ဟိုတစ်စဒီတစ်စ ရှာဖွေရေးသားမှုသာဖြစ်တဲ့အတွက် လိုအပ်ချက်များစွာ ရှိနိုင်ပါတယ်။ သိတဲသူများရှိရင်လည်း ဗဟုသုတအဖြစ် မျှဝေပေးသွားကြပါဦး)Via: Thutazone

minkoko110