အပျိုကြီး

အကြောင်းသိများဟားတိုက်မရီရ

မျှော်လင့်ခြင်းလေး

သူမဟာ ဝရန်တာရဲ့ ခန်းဆီးစကို အသာလှစ်ပြီး လမ်းမထက်ကို အသာချောင်းမြောင်းကြည့်လိုက်တယ်..။

“သူရောက်နေပြီ” လို့ တီးတိုးရေရွတ်ပြီး သူမ ထခုန်မတတ် ဖြစ်သွားတယ်။ တစ်ကယ်လို့သာ သူမခန္ဓာကိုယ်ဟာ ပေါင်(၁၀၀) ကျော်ကျော် ဆလင်းဘော်ဒီလေးဖြစ်ခဲ့မယ်ဆိုရင်တော့ သူမဟာ Havana Dance ဖြစ်ဖြစ် Gangnam style ဖြစ်ဖြစ် ကမိမှာသေချာတယ်။ ဒါပေမယ့် ခုလို ဘော်ဒီနဲ့သာ ကရမယ်ဆို ရပ်ကွက်ထဲကလူတွေ ငလျှင်လှုပ်တယ်မှတ်ပြီး ထွက်ပြေးကြမှာသေချာတယ်။

“မိန်းကလေးက စသလိုများဖြစ်နေမလား” ဆိုတဲ့ အတွေးနဲ့လည်း သူမချီတုန်ချတုန်ဖြစ်နေပြန်တယ်။ “တစ်ကယ်တော့ ဒီကောင်လေးကိုက ပွင့်ပွင့်လင်းလင်းမရှိတဲ့ ငနုံလေး” လို့ သူမ တစ်ကိုယ်တည်းပြောပြန်တယ်။ တကယ်ဆို တစ်နှစ်ကျော်ကျော်အချိန်ထိ သူမအိမ်ရှေ့မှာ လျှောက်ပြန်သံပေးလုပ်နေခဲ့တာပဲ။ သူမအလုပ်ပြန်လာတိုင်းလည်း မလုံမလဲမျက်နှာနဲ့ ဒီကောင်လေးကို သူမ တွေ့ခဲ့ရတာပဲ။ တစ်ကယ်ဆို သူမကို စကားလာပြော၊ မိတ်ဆက်၊ ဒီကနေ တစ်ဆင့်တက်ပြီး ချစ်စကားဆို၊ နောက်အိမ်ထောင်ကျ၊ ကလေးမွေး—

“အို- ငါဘာတွေတွေးနေမိတာပါလိမ့်” လို့ပြောပြီး သူမ ရှက်သွေးဖြာနေပြန်တယ်။ ဒီနေ့တော့ ဒီကောင်လေးကို သူမ တည့်တည့်ပဲမေးရတော့မယ်။ ကြာရင် သူမကို အများက လှောင်ပြောင်နေကြတဲ့ “ငှက်ပျောတုံး၊ အပုပ်သီး” စတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေကနေ ကျွတ်မှာမဟုတ်။ ပြီးတော့ သူမအသက်အရွယ်လည်း လေးဆယ်ဘက်ကို ရောက်ရောက်လာပြီလို့ သူမတွေးနေပြန်တယ်။ ဘာပဲဖြစ်ဖြစ် ကောင်လေးကတော့ သူမတို့အိမ်ရှေ့ကို တစ်နှစ်ကျော်ကြာ မပျက်မကွက် လာနေခဲ့သေးတာပဲ။ သေချာတယ်။ ဒီကောင်လေးဟာ သူမရဲ့ ဖူးစာရှင်ပဲ။

ညနေ အလုပ်ဆင်းချိန်ဆို သူမတို့အိမ်ရှေ့မလှမ်းမကမ်းက အုတ်ခုံမှာ ကောင်လေးထိုင်နေကျပဲ။ သူမအသက်အရွယ်နဲ့ ယှဉ်ရင်တော့ ကောင်လေးဖြစ်နေပေမယ့် သူဟာ အသက် (၂၅) (၃၀) လောက်တော့ ရှိမယ်ထင်ရတယ် အသားညိုတယ်လို့ ထင်ရပေမယ့် ကောင်လေးဟာ ကြည့်ကောင်းတယ်။ ယောက်ျားပီသတယ်။ ဆေးလိပ်၊ ကွမ်း စားတာလည်း သူမမမြင်ဖူး။ အမြဲလိုလို သပ်သပ်ယပ်ယပ်ဝတ်စားတတ်တဲ့ ကောင်လေးဟာ လက်ထဲမှာလည်း ဖုန်းကို အမြဲကိုင်ထားပြန်တယ်။ ဂိမ်းသမားလားမသိဘူးလို့သူမတွေးနေမိတယ်။ ဒါပေမယ့်လည်း “ငါ့ဓါတ်ပုံကို အလွမ်းပြေကြည့်ဖို့ ခိုးရိုက်တာနေမယ် ဟီဟိ” လို့သူမ ပီတိဖြစ်ပြန်တယ်။ အဲဒီလို ပုံစံမျိုးနဲ့ပဲ တစ်ရက်ကနေတစ်ပတ်၊ တစ်ပတ်ကနေ တစ်နှစ်ထိ ကောင်လေးက သူမကို နေ့တိုင်းလာချောင်းတယ်။ ဒါဟာ သူငါ့ကို တော်တော်ချစ်ရှာလို့ နေမယ်လို့ သူမတွေးမိနေသေးတယ်။

နောင် ကောင်လေးနဲ့ ချစ်သူတွေဖြစ်မှ ကောင်လေးရဲ့ လက်မောင်းကိုချိတ်ပြီ ကနွဲ့ကလျလေးမှီတွဲလိုက်မယ်။ သူ့ကို တချိန်လုံးစနောက်နေကြတဲ့ အိမ်ထောင်သည် သူငယ်ချင်းလင်မယားတွေဆီကိုသွားပြီး ကြွားပြစ်လိုက်မယ်။ ကောင်လေးနဲ့ တွဲပြီး စုံတွဲပုံတွေကို timeline နဲ့ အပြည့် wall နဲ့အပြည့် နောက်ဆုံး facebook server ကြီးဒေါင်းတဲ့အထိ ကို တင်ပစ်လိုက်မယ်။ အဲဒီအခါ သူမကို လှောင်ပြောင်နေကြသူတွေ ပါးစပ်ဟောင်းသား၊ မျက်လုံးအပြူးသားတွေဖြစ်နေကြတာကိုကြည့်ပြီး ဟားတိုက်ပြီးရယ်ပစ်လိုက်မယ်လို့ သူမတွေးထားတယ်။

သူမဟာ မှန်တင်ခုံရှေ့ကို အလောတကြီးသွားလိုက်ပြီး အလှဆုံးပြင်ဆင်ချယ်သလိုက်တယ်။ ဒီလိုပြင်လိုက်တော့လည်း ငါဒီလောက်မဆိုးလှပါဘူးလို့ သူမကိုယ်ကို ပြောလိုက်တယ်။ အို- ဘာပဲဖြစ်ဖြစ် ကောင်လေးက ငါ့ကို ချစ်နေပြီးသားပဲ။ ငါနည်းနည်းအစ်အောက်လိုက်တာနဲ့ ပြီးပြီလို့ သူမတွေးလိုက်တယ်။ အဲဒီနောက်တော့ သူမဟာ အိပ်ခန်းထဲက အသာထွက်၊ အဖေအမေအလစ်ကို ချောင်းပြီး ကောင်လေးရှိရာ အုတ်ခုံကို ဆင်မယဉ်သာခြေလှမ်းတွေနဲ့အတူ လျှောက်လှမ်းလာတယ်။

သူမကောင်လေးအနားကို ရောက်လာတဲ့အထိ ကောင်လေးက သတိထားမိပုံမပေါ်။ သူ့ဖုန်းကိုသာ သည်းကြီးမဲကြီးကြည့်နေပြန်တယ်။

“အဟမ်း..အဟင်းဟင်း”

သူမအသံပြုလိုက်တော့ ငတိလေးက ကြောက်လန့်တကြားထရပ်တယ်။ ပြီးတော့ ယောင်ယမ်းပြီးပြန်ထိုင်လိုက်တယ်။ တော်ကြာအကြောက်လွန်ပြီး ထွက်ပြေးသွားရင် ဒုက္ခဆိုတဲ့အတွေးနဲ့အတူ သူမ ကောင်လေးကို အချိုဆုံးပြုံးပြလိုက်တယ်။ အဲဒီနောက်တော့ သူမဟာ တွေးတောထားသမျှ စကားလုံးတွေကို ကရားရေလွှတ်ပဲပြောချလိုက်တော့တယ်။

“မင်း..ဘာလို့ ဒီမှာနေ့တိုင်းလာထိုင်နေတာလဲကောင်လေး။ ဒီအိမ်မှာ အပျိုဆိုလို့လည်း ဒို့ပဲရှိတာလေ။ တကယ်ဆို မင်းယောက်ျားဆိုရင်လည်း ဒို့ကိုရဲရဲဝံ့ဝံ့ လာစကားပြောပေါ့။ ဒို့က စိတ်မဆိုးတတ်ဘူးရယ်။ ပြီးတော့ ဒို့အကြာကြီး စဉ်းစားတတ်တဲ့အထဲမှာလည်းမပါဘူး။ မင်းပြောချင်တာတွေ ခုဒို့ကိုပြောတော့။ ဒို့နားထောင်ဖို့ဆင်းလာတာ။ နေ့တိုင်း ဒီအုတ်ခုံမှာ မင်းလာလာထိုင်နေတာ ကြာတော့ ဒို့သနားလာပြီ”

သူမစကားအဆုံးမှာတော့ ကောင်လေးရဲ့ မျက်လုံးနှစ်ဘက်ဟာဂဏန်းမျက်စေ့လို ပြူးကျယ်လာတယ်။ သူ့ရဲ့လည်ပင်းဟာလည် ငှက်ကုလားအုတ်လို ရှည်လာတယ်လို့ သူမထင်တယ်။ ကောင်လေး ဝမ်းသာလုံးဆို့သွားတာ ဖြစ်မယ်လို့ သူမအပိုင်တွက်လိုက်တယ်။ “ဒီကောင်လေးနှယ်.. တော်တော်အတဲ့လူဆိုးလေး၊ အသည်းယားစရာလေး” လို့ သူမတွေးလိုက်တယ်။

“ဟိတ်..ပြောနေတာမကြားဘူးလား။ မင်းပြောချင်တာ.. ပြောလို့ဆို..လို့ဆို”

သူမ ပြောပြောဆိုဆိုနဲ့ ကောင်လေးဘေးမှာဝင်ထိုင်လိုက်တယ်။ သူမအထိုင်မှာပဲ ကောင်လေးက မတ်တပ်ပြန်ရပ်ပြန်တယ်။ သူမလိုက်ပြီးမတ်တပ်ရပ်တော့ ကောင်လေးပြန်ထိုင်ပြန်တယ်။

“ဒီမှာ ငါစိတ်တိုလာပြီ မင်းပြောမှာလား၊မပြောဘူးလား”

ကောင်လေးရဲ့ တံတွေးမြိုချသံ “ဂလု” ကို သူမကောင်းကောင်းကြားလိုက်တယ်။ အဲဒီလိုနဲ့ ဂလု၊ ဂလု နဲ့ သုံးလေးခါ ဂလုမှာတော့ ကောင်လေးစကားစပြောတယ်။ ကောင်လေးရဲ့ နှုတ်ခမ်းအဟမှာတင် သူမ မျက်လုံးနှစ်ဘက်ကို အသာမှေးပြီး အရသာခံပြီးနားထောင်လိုက်တယ်။ ကောင်လေးက သူမကို တဖြည်းဖြည်းချင်း စပြောတယ်…

“ဟုတ်ကဲ့..ပြော…ပြော.. ပါ့မယ်။ ဒေါ်ကြီးတို့အိမ်က wifi က password ခံမထားလို့ ကျွန်တော် ညနေတိုင်းလာသုံးတာပါ။ ဖုန်းဘေမရှိလို့ပါ။ စိတ်မဆိုးပါနဲ့”

Credit #(ဖြိုးသုတ)