မယ်ဗမာတစ်ဦး၏ ပုံရိပ်လွှာ

Miss Burma စာအုပ်ကို ရေးသားခဲ့သော နော်လွီဇာဘင်ဆင်၏သမီး ရှောင်မိန်းခရစ်ခ်ျ (ဓာတ်ပုံ – ထားထားမြင့်)

ထားထားမြင့်

ဓာတ်ပုံ-ထားထားမြင့်

၁၉၆၀ ပြည့်နှစ်များကို ကောင်းကောင်းသိမီလိုက်သူများအတွက် မယ်ဗမာ နော်လွီဇာဘင်ဆင် ဆိုသည်ကို ကောင်းကောင်း သိကြသည်။ အလွန်လှပသော အလှမယ်တစ်ယောက်၊ ရုပ်ရှင်မင်းသမီးတစ်ယောက်အပြင် မြန် မာ့သမိုင်းမှာ ထင်ရှားသူများနှင့် လူပြောများသည့် အချစ်ဇာတ်လမ်းတွေကြောင့်ဖြစ်သည်။ ထို့အပြင် သည်အရာများနှင့် ဆန့်ကျင်ဘက် မြင်းဖြူကြီးစီးသော ရဲဝံ့သည့် ကရင်အမျိုးသမီးလက် နက်ကိုင်ခေါင်းဆောင် တစ်ဦး လည်းဖြစ်သည်။

‘‘နော်လွီဇာဘင်ဆင်လား သိပ်လှတာပေါ့။ မယ်ဗမာလေ။ တို့ဆီမှာ မြင်းကြီးနဲ့ သူ့ပုံ အခုထိရှိတယ်။ တို့တွေ ကောလိပ်တုန်းက ရန်ကုန်က အထက်တန်းလွှာ အသိုင်းအဝိုင်းမှာ သူ့အကြောင်း တွေက နာမည်ကြီးပေါ့။ သူ့ဇာတ်လမ်းတွေက ဟုတ်တာတွေရော၊ မဟုတ်တာတွေရော အဲဒီတုန်းက စိတ်ဝင်တစား ပြောကြတာပေါ့ဟယ်’’ဟု အသက် (၆၅) နှစ်အရွယ် ရန်ကင်းမြို့နယ်၌ နေထိုင်သူ ဆရာဝန်မကြီးတစ်ဦးက အတိတ်ကို ပြန်ပြောင်းပြောပြသည်။

ဖခင် ပေါ်တူဂီ-ဂျူးလူမျိုး လုပ်ငန်းရှင်၊ မိခင်ကရင်အမျိုး သမီးတို့က မွေးဖွားခဲ့သော ရန်ကုန်အင်းစိန်သူ နော်လွီဇာ၏ ပြိုင်ဘက်ကင်းအလှသည် ၁၉၅၆ နှင့် ၁၉၅၈ တို့မှာ မယ်ဗမာဘွဲ့ကို နှစ်ကြိမ်ဆွတ်ခူးစေခဲ့သည်။ ထိုမှတစ်ဆင့် ရုပ်ရှင်နှစ်ကားဖြင့် ထိပ်တန်း ရုပ်ရှင်မင်းသမီးတစ်ဦး ဖြစ်လာခဲ့သည်။

သို့သော် လွတ်လပ်ရေးရပြီးခါစ မငြိမ်မသက် မြန်မာ့နိုင်ငံ ရေးအခြေအနေသည် ငယ်ရွယ်သူ အလှမယ်တစ်ဦး၏ ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲစေခဲ့သည်။ ကေအင်န်ယူ ကရင်လက်နက်ကိုင်တပ်ဖွဲ့ တပ်မဟာ (၅) မှ ဗိုလ်ချုပ် လင်းထင်နှင့် လက်ထပ်ခဲ့ပြီး တောထဲကို လိုက်သွားခဲ့သည်။ ဗိုလ်ချုပ်လင်းထင် လုပ်ကြံခံရသည့်အခါ သူကိုယ်တိုင် ကရင်လက်နက်ကိုင် ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်။

၁၉၆၇ ခုနှစ်၌ ထိုဝန်းကျင်ကို စွန့်ခွာပြီး အမေရိကန်လူမျိုး ရေတပ်အရာရှိတစ်ဦးနှင့် လက်ထပ်ခဲ့၏။ ထို့နောက် ခင်ပွန်းသည်နှင့်အတူ လော့စ်အန်ဂျလိစ်မြို့မှာ အခြေချနေထိုင်ခဲ့သည်။ အမေရိကန်မှာ နေထိုင်ရင်း ကရင်လူမျိုးများအရေးနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ၂၀၁၀ မှာ ကင်ဆာရောဂါဖြင့် နော်လွီဇာ ကွယ်လွန်ခဲ့သည်။

အလှမယ်၊ ရုပ်ရှင်မင်းသမီး၊ ကရင်လက်နက်ကိုင်ခေါင်းဆောင်နော်လွီဇာ၏ ဘဝအကြောင်းကို သူ၏သမီးအကြီးဆုံးဖြစ်သူ ရှောင်မိန်းခရစ်ခ်ျက မယ်ဗမာ (Miss Burma)အမည်ဖြင့် ရေးသားခဲ့ပြီး မကြာသေးခင်က ထုတ်ဝေဖြန့်ချိ ခဲ့ပါသည်။ ထိုစာအုပ်ကို မိခင် နော်လွီဇာ သက်ရှိထင်ရှားရှိစဉ်က မေးမြန်းရေးသားထားခြင်း ဖြစ်သည်ဟု စာရေးသူက ပြောကြားသည်။

တချို့ အကြောင်းများကို လည်း သတင်းစာဆရာတစ်ဦးကဲ့သို့ သမိုင်းအချက်အလက်များကနေ ရှာဖွေခဲ့ရသည်ဟုလည်းဆို၏။ နော်လွီဇာမိသားစု၏ ဖြစ်ရပ် မှန်ဇာတ်လမ်း ဖြစ်သော်လည်း အတ္ထုပ္ပတ္တိကဲ့သို့ မရေးသားခဲ့ချေ။ ဝတ္ထုဇာတ်လမ်းပုံစံဖြင့် တစ်ခေတ်တစ်ခါက မယ်ဗမာဟောင်းနော်လွီဇာ၏ ငယ်ဘဝကို စာမျက်နှာ၃၅၅ မျက်နှာ၊ အခန်းပေါင်း ၂၂ ခန်းဖြင့် သရုပ်ဖော်ထားသည်ကို ဖတ်ရမည်ဖြစ်သည်။

စာအုပ်အဖွင့်ကို နော်လွီဇာ မယ်ဗမာပြိုင်ပွဲဝင်သည့် အခန်း ဖြင့် စဖွင့်ထားပြီး ရှေ့အပိုင်းများ မှာ နော်လွီဇာ၏ဖခင်နှင့် မိခင်တို့ ဆုံစည်းခဲ့ရသည့် အကြောင်းကို ကိုလိုနီခေတ်နောက်ခံ မြန်မာ နိုင်ငံရေးသမိုင်းများဖြင့် မှုန်းခြယ် ထား၏။ ထို့နောက်တွင်မှ အလှမယ်နော်လွီဇာ၏ မယ်ဗမာဆုရခဲ့ သည့် နောက်ပိုင်းကာလကို ဖော် ပြရေးသားခဲ့သည်။

မြန်မာစာဖတ်ပရိသတ်များ အတွက် စိတ်ဝင်စားစရာ အကောင်းဆုံးအခန်းမှာ ထိုအချိန်က အိမ်စောင့်အစိုးရခေါင်းဆောင် ဦးနေဝင်း၊ ဇနီးဖြစ်သူ ကစ်တီနေ ဝင်းခေါ် ဒေါ်ခင်မေသန်းနှင့် ဆယ် ကျော်သက်အလှမယ် နော်လွီဇာ တို့အကြောင်း ရေးသားထားသည့် ဟန်ဆောင်ကောင်းသူကြီးဆို သည့် အခန်းဖြစ်သည်။

မယ်ဗမာဘွဲ့ရ နော်လွီဇာ၏ နာမည်သတင်းကြီးမှုကြောင့် ဦးနေဝင်းကတော် ဒေါ်ခင်မေသန်းက သူ၏ပါတီများမှာ လာပေးဖို့ စတင်ဖိတ်ခေါ်ခဲ့သည့်အကြောင်း၊ တစ်ချိန်က ရန်ကုန်အထက်တန်းလွှာ အသိုင်းအဝိုင်းများ ကျက်စားရာ ဒေါ်ခင်မေသန်း၏ ပါတီများအကြောင်းကို စာရေးသူကယခုကဲ့သို့ သရုပ်ဖော်ထားသည်။

မကြာခင်မှာပင် တစ်ပတ်ခြား တနင်္ဂနွေနေ့တိုင်းမှာ ကား တစ်စီးက လွီဇာဆီသို့ ရောက်လာ ကာ အေဒီလမ်းရှိ ကောလိပ်ဆရာ၊ ဆရာမများနှင့် ဗြိတိန်သံရုံးက ဝန်ထမ်းကတော်များ စုဝေးရာ ကစ်တီ (ဒေါ်ခင်မေသန်း)၏ ဥယျာဉ်ဆီပဲဖြစ်ဖြစ်၊ မိတ်ကပ်တွေဖုန်နေအောင် လိမ်းထားသည့် နာမည်ကျော် ရုပ်ရှင်မင်းသား၊ မင်းသမီးများ ကလေးကလားပုံစံတွေ လုပ်လေ့ရှိရာ၊ ရေကူးကန်ထဲမှာ အချင်းချင်း ရေကစားလေ့ရှိရာ၊ ဝေဖဲလ်မုန့်များကို အငမ်းမရစားကြသည့်နေရာ၊ တင်းနစ်ကွင်းမှာ သူတို့ ကိုယ်သူတို့ မကစားတတ်သလိုအမူပိုများ လုပ်ကြသည့်နေရာဖြစ် သည့် အစိုးရအိမ်တော်ဟောင်း ဆီဖြစ်ဖြစ် (သို့မဟုတ်) သံအမတ်များ၊ နိုင်ငံခြားသားများက ဒေါ်ခင်မေသန်း၏ ဆယ်ကျော်သက်အရွယ်အပေါင်းအသင်းများနှင့် အဆင့်မြင့်မြင့် ဆိုရှယ်ကျကျတွဲလေ့ရှိသည့် ဦးနေဝင်း၏အိမ်အပေါ်ဆုံး ခေါင်မိုးထပ်သို့ဖြစ်ဖြစ် အလျင်စလိုခေါ်ဆောင်သွားလေ့ရှိသည်။

တစ်ခါတစ်ရံမှာ ကစ်တီ (ဒေါ်ခင်မေသန်း)က သူ့ကို

‘‘အင်္ဂလိပ်မိတ်ဆွေနဲ့ က လိုက်ပါဦးဟယ်’’ ဒါမှမဟုတ် ‘‘ပွဲ ကိုဆက်ထိန်းပေးပါဦး’’ဟု ပြော တတ်သည်။

နော်လွီဇာနှင့် အိမ်စောင့် အစိုးရခေါင်းဆောင် ဦးနေဝင်းကို ကောလာဟလအမျိုးမျိုး ပြောဆို ရေးသားခဲ့ကြသော်လည်း သူ့အား ဦးနေဝင်းနှင့် မိတ်ဆက်ပေးတာ ပင် မခံခဲ့ရပါဟု စာအုပ်ထဲမှာဖော် ပြထား၏။ ထိုအခန်းတွင်ပြုံးချင် စရာကောင်းလှသည်မှာ တရုတ် နိုင်ငံကနေ ပြန်လာသော ဦးနေဝင်းသည် ဥက္ကဋ္ဌကြီးဆိုသည့် အသုံးအနှုန်းကို သဘောကျလွန်းသဖြင့် သမ္မတကတော် ဒေါ်ခင်မေသန်းကိုပင် ဥက္ကဋ္ဌကြီးဟုခေါ်ခိုင်းသည့်အကြောင်း ကစ်တီနေဝင်း ခေါ် ဒေါ်ခင်မေသန်းက နော်လွီဇာ ကို ပြန်ပြောပြသည့် အခန်းဖြစ်၏။

‘‘တရုတ်ကနေ နောက်ဆုံး ခရီးပြန်လာပြီးကတည်းက လူတိုင်းက သူ့ကိုဥက္ကဋ္ဌကြီးလို့ ခေါ် စေချင်နေတာ။ ကိုယ်တို့နှစ် ယောက် ဟိုဒင်းဟိုဟာ အချိန်မှာတောင် သူ့ကို ဥက္ကဋ္ဌကြီးလို့ ခေါ်ခိုင်းတာဆိုတယ်များ ပြောပြလိုက် ရင် မင်းအံ့သြသွားမယ်’’ဟု ဒေါ်ခင်မေသန်းက လှည့်ပြီး လွီဇာကို မျက်စပစ်ပြလိုက်သည်။

နောက်ဆုံး အခန်းများမှာ နော်လွီဇာနှင့် ကေအင်န်ယူတပ်မဟာ (၅) ၏ ခေါင်းဆောင် ကရင်ဗိုလ်ချုပ်လင်းထင်နှင့် လက်ထပ်ခဲ့သည့်အကြောင်း၊ သထုံမှာ ဗိုလ်ချုပ်လင်းထင် လုပ်ကြံခံရပြီး နောက် နော်လွီဇာ လက်နက်ကိုင် တော်လှန်ရေး ခေါင်းဆောင်တစ်ဦးဖြစ်လာသည့်အကြောင်းများ ဖြစ်သည်။ ထိုအထဲမှာ တစ်ချိန်က ဦးနုနှင့် ဦးနေဝင်း အစိုးရလက်ထက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အကြောင်းကိုလည်း ဖော်ပြထား ရာ သမိုင်းမတင်စာမဝင်ခဲ့သည့် တစ်ချိန်က အကြောင်းအရာများ ကိုလည်း လေ့လာသိရှိနိုင်သည်။

ကရင်လက်နက်ကိုင် တော်လှန်ရေးခေါင်းဆောင်တစ်ဦး၏အမြင်ဖြင့် ရေးသားထားသည်ဖြစ်ရာ ဦးနေဝင်းခေါင်းဆောင်သည့် အိမ်စောင့်အစိုးရခေတ် စစ်တပ်၏ လုပ်ရပ်ကို မြန်မာပြည်က လူမျိုးအများစုဖြစ်သည့် မြန်မာလူ မျိုးများ၏ လူမျိုးကြီးစွဲလုပ်ရပ် အဖြစ် ပုံဖော်ရေးသားထားသည်များကိုလည်း တွေ့ရသည်။ သို့ သော် ပြည်မနှင့် ဝေးလံလှသည့် ကရင်ပြည်နယ်မှာ ကလေးငယ်များမကျန် သတ်ဖြတ်၊ ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ခြင်းကို ခံခဲ့ရသည့် တိုင်းရင်းသားကရင်လူမျိုးများ၏ နေရာကနေ စာဖတ်သူများ ခံစား ကြည့်မြင်တတ်ဖို့ လိုသည်။

ထိုစာအုပ်ကို အမေရိကန်က စာအုပ်ဆိုင်များနှင့် အမေဇုန်ဝက်ဘ်ဆိုက်မှာ ဝယ်ယူရရှိနိုင်သည်။ အမေဇုန်ကနေ ရောင်းသည်မှာ သုံးပတ်ခန့်သာရှိသေး သော်လည်း စာဖတ်ပရိသတ်၏ ချီးမွမ်းမှုကို ခံထားရပြီး ရောင်းအားကောင်းသော စာအုပ်တစ်အုပ်ဖြစ်သည်။ ထိုစာအုပ်ကို နိုင်ငံခြားကနေ လှမ်းမှာဝယ်နိုင်သလို ချက်ချင်းလက်ငင်း ဖတ်ချင်လှပါလျှင် အွန်လိုင်းကနေ ကင်ဒဲလ်ဖြင့် အီးဘွတ်ခ်အဖြစ် ဝယ် ဖတ်နိုင်သည်။ စာအုပ်၏ ပုံမှန် ရောင်းဈေးမှာ ၂၆ ဒေါ်လာဖြစ် သော်လည်း လောလောဆယ် စာ အုပ်မိတ်ဆက်အဖြစ် ၁၇ ဒေါ်လာ ဖြင့် ဈေးချပြီးရောင်းပေးနေသည်။ ကင်ဒဲလ်အဖြစ် အွန်လိုင်းကနေ ဖတ်ချင်လျှင် ၁၄ ဒသမ ၄၉ ဒေါ်လာဖြင့် ဝယ်ယူဖတ်ရှုနိုင်မည်ဖြစ် သည်။

by ထားထားမြင့်/7day news