YBS myanmar, မြန်မာနိုင်ငံ, ရန်ကုန်

ရန်ကုန်မြို့တွင်းပတ် ပြေးဆွဲသည့် YBS ၅၈ အဲယားကွန်း အညိုယာဉ်လိုင်းသည် ယာဉ်လုပ်သား အခက်အခဲကြောင့် ယခုရက်ပိုင်းအတွင်း ယာဉ်စီးရေ ပုံမှန်အတိုင်း ပြေးဆွဲနိုင်မည် မဟုတ်ကြောင်း အဆိုပါ ယာဉ်လိုင်းထံမှ သိရသည်။

“ယာဉ်လုပ်သားတွေ နယ်ပြန်သွားတာ လူစုံပြန်မရောက်သေးတော့ ပုံမှန်အတိုင်း မပြေးနိုင်သေးဘူး။ နောက် နှစ်ရက်၊ သုံးရက်လောက်မှ ပြေးဆွဲနိုင်မယ်ထင်တယ်”ဟု YBS ၅၈ အဲယားကွန်း အညိုယာဉ်လိုင်း တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

သင်္ကြန်ရက်တွင်း ယာဉ်လိုင်း ရပ်နားခဲ့ကာ နှစ်ဆန်း တစ်ရက်မှ ပြန်လည် ပြေးဆွဲခဲ့ပြီး ဧပြီလ ၁၈ ရက် (နှစ်ဆန်း နှစ်ရက်)အထိ ယာဉ်စီးရေး ၁၇ စီးသာ ပြေးဆွဲနိုင်ကြောင်း ၎င်းက ပြောကြားသည်။

YBS ၅၈ အဲယားကွန်း မြို့တွင်းပတ် အညိုယာဉ်လိုင်းသည် ယာဉ်စီးရေ ၃၅ စီးရှိပြီး ယာဉ်လုပ်သား ၃၅ ဦးက ယာဉ် ၂၇ စီးဖြင့် ဗိုလ်တစ်ထောင်ဘုရား၊ ကမ်းနားလမ်း၊ သခင်မြပန်ခြံ၊ အနော်ရထာလမ်းနှင့် လင်းစဒေါင်းတို့ကို ပြေးဆွဲကာ တစ်ရက်ကို ခုနစ်ခေါက် ပြေးဆွဲကြောင်း အဆိုပါ ယာဉ်လိုင်းထံမှ သိရသည်။

လက်ရှိ မြို့တွင်းပတ် ပြေးဆွဲနေသည့်ယာဉ်လိုင်းများမှာ YBS ၅၆၊ ၅၇၊ ၅၈ အညိုယာဉ်လိုင်းတို့ဖြစ်ပြီး မီနီဘတ်စ် ယာဉ်နှင့် အဲယားကွန်း ယာဉ်များဖြင့် ပြေးဆွဲခြင်းဖြစ်ကာ YBS ၅၈ အဲယားကွန်း ယာဉ်လိုင်းတစ်ခုသာ ယာဉ်စီးရေ ပုံမှန်အတိုင်း မပြေးဆွဲနိုင်ခြင်းဖြစ်သည်။

YBS ၆၅၊ ၅၇ အညိုယာဉ်လိုင်းတွင် ယာဉ်စီးရေ ၁၀ဝ ရှိပြီး တစ်ရက်လျှင် ယာဉ် ၈၀ ခန့် ထွက်ရှိကာ နှစ်ဆန်း တစ်ရက်မှစ၍ ပုံမှန်စီးရေအတိုင်း ပြေးဆွဲကြောင်း Aero Star ကုမ္ပဏီလက်အောက်ရှိ YBS ၆၅၊ ၅၇ အညိုယာဉ်လိုင်း မန်းနေဂျင်း ဒါရိုက်တာ ဦးထွန်းထွန်းက ပြောကြားသည်။

by the voice