ဖက်ရှင်, နွေရာသီ, အဝတ်အစား

အနောက်တိုင်းနိုင်ငံတွေမှာ Spring လို့ခေါ်တဲ့ နွေဦးရာသီဟာ တစ်နှစ်တာရာသီတွေရဲ့အစဖြစ်ပြီး နှစ်တစ်နှစ်ကူးပြောင်းလို့ season အသစ်တစ်ခု ပြောင်းလဲသွားတဲ့အချိန်ကာလလည်း ဖြစ်ပါတယ်။ အဲ့ဒီအချိန်ကာလမှာ ပန်းမျိုးစုံ ဖူးကြပွင့်ကြပြီး အရောင်စုံအသွေးစုံနဲ့ ရာသီဥတုကလည်း နေလို့ကောင်းတဲ့အချိန်ပါ။ ဒါကြောင့် နွေဦးရာသီမှာ အပြိုင်အဆိုင်ဖူးပွင့်နေကြတဲ့ပန်းတွေရဲ့ အလှအပနဲ့ လိုက်ဖက်တဲ့ Fashion တစ်ခုကို တီထွင်ဖန်တီးလာခဲ့ကြပါတယ်။ အဲ့ဒါကတော့ သိကြတဲ့အတိုင်း ပွင့်ရိုက်အထည်လေးတွေပဲ ဖြစ်ပါတယ် ယောင်းတို့ရေ။
ပွင့်ရိုက်ဆင်ဆိုတာနဲ့ ချည်ထည်တွေနဲ့ ချီဖွန်အပါးသားတွေပေါ်မှာ အရောင်စုံအသွေးစုံ အပွင့်အခက်မျိုးစုံကို ရိုက်နှိပ်ထားတဲ့ ဒီဇိုင်းအမျိုးမျိုးကို မျက်စိထဲပြေးမြင်ကြမှာပါ။ ပုံစံကရိုးပေမယ့် အထည်ပေါ်က အပွင့်လေးတွေကတော့ အဆင်အသွေးမျိုးစုံနဲ့ မျက်စိပသာဒဖြစ်စေတဲ့အဖြစ် စကတ်၊ ဘောင်းဘီစတာတွေနဲ့ သင့်တော်သလိုဝတ်ဆင်တဲ့အခါမှာလည်း အထာကျကျနဲ့ အမြင်ဆန်းစေတာမို့ ဒီဖက်ရှင်လေးကို ဘယ်လိုအလန်းစားဖြစ်အောင် ဝတ်ဆင်လို့ရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။

အရင်ဆုံး ကိုယ်ခန္ဓာအချိုးအစားပေါ်မူတည်ပြီး အပွင့်ဒီဇိုင်းရွေးကြရအောင်။

(၁)ခန္ဓာကိုယ်သေးသူတွေ အတွက်က
ကိုယ်လုံးသေးပြီး ပစ္စည်းသိပ်မရှိတဲ့ ခလိန်းတို့အတွက်ကတော့ အပွင့်ကြီးကြီးနဲ့ အရောင်နုတာလေးတွေကို ရွေးသင့်ပါတယ်။ အဖူးလေးတွေထက်စာရင် အပွင့်ဒီဇိုင်း အရွက်ဒီဇိုင်းလေးတွေက ပိုလိုက်ဖက်စေမှာပါ။ နောက် Plus Size အကိတ်လေးတွေအတွက်ကတော့ အဆင်စိပ်စိပ်နဲ့ အပွင့်သေးသေးလေးတွေက ပိုအဆင်ပြေပါတယ်။ အပွင့်ကြီးကြီးတွေက ကိုယ်လုံးပိုကြီးသွားသယောင်ဖြစ်သွားစေပြီး အခန့်မသင့်ရင် အမြင်ရိုင်းသွားစေနိုင်လို့ပါနော်။ တကယ်လို့ ဝတ်မယ်ဆိုရင်လည်း အောက်က ဘာအဆင်ဒီဇိုင်းမှမပါတဲ့ ပြောင်ဖြစ်နေဖို့ လိုပါတယ်။ အရောင်နုထက် နက်ပြာရောင်၊ မဲနယ်ရောင်၊ ကြက်သွေးရောင်၊ Nivea ရောင်လေးတွေက အကိတ်လေးတွေအတွက် ယုံကြည်ချက်အပြည့်နဲ့ လှပနိုင်အောင် ကူညီပေးနိုင်ပါတယ်နော်။

(၂)ခန္ဓာကိုယ် ပြည့်ပြည့်လေးတွေအတွက်က
ခန္ဓာကိုယ် ပြည့်ပြည့်လေးတွေအတွက်ကတော့ ခု 2016 နောက်ပိုင်းကနေစပြီး ခေတ်စားလာတဲ့ (ပခုံးနားက ခပ်လျှောလျှောကျနေတဲ့ လည်ပင်းပြဲပြဲလေးတွေ) နဲ့ဆို စွဲဆောင်မှုရှိစေတဲ့အပြင် လွတ်လပ်ပေါ့ပါးတဲ့ ကိုယ်ပိုင်ဟန်တစ်မျိုးကိုလည်း ပေါ်ထွက်လာစေပါတယ်။ အောက်က ဘောင်းဘီတို၊ ဘောင်းဘီရှည်လေးတွေအပြင် စကတ်တိုလေးတွေနဲ့ပါ တွဲဖက်ဝတ်ဆင်လို့ရတယ်နော်။ အပေါ်က အင်္ကျီက ရှည်နေမယ်ဆိုရင်တော့ ခါးအောက်ထဲထည့်ဝတ်ပါ။ ဘောင်းဘီတိုနဲ့ ဝတ်မှာဆိုရင်တော့ အပြင်မှာ ထုတ်ဝတ်လည်း ok တာမို့ ကိုယ်ကြိုက်နှစ်သက်တာ ဝတ်ဆင်နိုင် ပါနော်။
နောက် Pastel Print လို့ခေါ်တဲ့ ခပ်ဖျော့ဖျော့ပွင့်ရိုက်ဆင်လေးတွေကို အောက်က Jean အရင့်သီးသန့်တွဲပြီး ဝတ်ရင်လည်း ဆန့်ကျင်ဘက်ချင်း တွဲစပ်ပေးထားတဲ့ ဆန်းသစ်တဲ့အမြင်မျိုး ဖြစ်စေပါတယ်။
ခါးတိုလေးတွေနဲ့ အောက်က စကတ်ဝဲဝဲလေးတွေ တွဲဝတ်တာမျိုးလည်း လုပ်ကြည့်ပါ။ ဖိနပ်ကိုတော့ ရှူးဖိနပ်အပါးလေးတွေနဲ့ ကြိုးသိုင်းအပါးလေးတွေစီးပြီး စတိုင်ထုတ်နိုင်ပါတယ်။
ရှောင်သင့်တာကတော့ ရှုပ်ယှက်ခတ်နေတဲ့ပွင့်ရိုက်ဆင်မျိုး ဝတ်ထားပြီဆိုရင် accessories ပိုင်းကို တတ်နိုင်သမျှလျှော့ချပစ်လိုက်ဖို့ပါ။ မိတ်ကပ်ကိုလည်း ခပ်ပါးပါးလေးနဲ့ သဘာဝဆန်ဆန်လေး ပြင်နိုင်ရင် အကောင်းဆုံးပါပဲ။ လိမ္မော်ရောင်၊ သခွားရောင်၊ မိတ်ကပ်ရောင်စတဲ့ နှုတ်ခမ်းနီလေးတွေ ဆိုးပေးပါနော်။

နွေရာသီလို ပူလောင်အိုက်စပ်တဲ့ရာသီမျိုးမှာ ပွင့်ရိုက်ဆင်လေးတွေကို အထာကျကျဝတ်ဆင်ပြီး မြင်သူတိုင်း မျက်စိအေးစေမယ့်အလှမျိုးကို ပိုင်ဆိုင်ကြပါစေ ယောင်းတို့ရေ။

by Nandar (For Her Myanmar)