ဆယ်ဖီ, တံတား

စမတ်ဖုန်းယဉ်ကျေးမှု ထွန်းကားလာပြီးနောက် ဘယ်နိုင်ငံမှာမဆို လူကြိုက်များလာတဲ့ ဓလေ့တစ်ခုကတော့ ဆယ်ဖီရိုက်ခြင်းပဲ ဖြစ်ပါတယ်။ စမတ်ဖုန်းကိုင်ကြသူတိုင်း အနည်းဆုံး တစ်ကြိမ်မဟုတ် တစ်ကြိမ် ဆယ်ဖီလို့ ခေါ်တဲ့ ကိုယ့်ပုံကို ကိုယ်ပြန်ရိုက်ကူးခြင်းကို လုပ်ဖူးကြမှာပါ။ ဆယ်ဖီရိုက်တာ သက်သက်ဟာ ပြဿနာ မရှိပေမယ့် အသက်အန္တရာယ်အထိ ဒုက္ခပေးနိုင်တဲ့ စွန့် စွန့် စားစား ဆယ်ဖီရိုက်သူများကြောင့် မကြာခဏဆိုသလို မတော်တဆမှုများကို ကြားနေ ကြုံနေကြပါတယ်။ ဒီတစ်ခါမှာတော့ ကယ်လီဖိုးနီးယားမှ အမျိုးသမီးတစ်ဦးဟာ ပေခြောက်ဆယ်အမြင့်ရှိတဲ့ တံတားပေါ်မှာ ဆယ်ဖီရိုက်ရင်း အောက်ကို ပြုတ်ကျခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ဒီအမျိုးသမီးပြုတ်ကျခဲ့တဲ့ တံတားဟာ ကယ်လီဖိုးနီးယားပြည်နယ်မှ အရှည်ဆုံး တံတားတစ်စင်းဖြစ်တဲ့ Forest Hill တံတားဖြစ်ပြီး မြေပြင်အထက် ပေ ၆၀ မြင့်တဲ့နေရာကနေ ပြုတ်ကျခဲ့တာပါ။ Forest Hill ဟာ ပေပေါင်း ၇၃၀ ရှည်လျားပြီး ဆယ်ဖီဆွဲဖို့ ကောင်းတဲ့ တံတားအဖြစ်နာမည်ကျော်ပါတယ်။ ယခုအမျိုးသမီးဟာ တံတားသံဘောင် အောက်ခံက လျှောက်လမ်း ထက်တက်ပြီး ဆယ်ဖီရိုက်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံရဲအရာရှိများက ဆိုပါတယ်။ သူမဟာ ဒီတံတားပေါ်ကို သူငယ်ချင်း ခြောက်ယောက်အုပ်စုနဲ့ အတူ ပါလာတာ ဖြစ်ပါတယ်။
ယခုဖြစ်ရပ်ဖြစ်ပွားချိန်မှာ အတူ ပါလာတဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ပေါလ်ဂွန်ချာရတ်ကတော့ သူတို့ တတွေ တံတားပေါ်တက်ပြီး ဓါတ်ပုံရိုက်နေစဉ် သူမဟာ တံတားထုပ်တန်းတစ်ခုပေါ် နင်းပြီး ဆယ်ဖီဆွဲရာကနေ ဟန်ချက်ပျက်ပြီး အောက်ကို ပြုတ်ကျသွားခဲ့တယ်လို့ ပြောပါတယ်။ အောက်ကို ပြုတ်ကျသွားပြီးသတိလစ်သွားတဲ့ ဒီအမျိုးသမီးဟာ လက်မောင်းသား စုတ်ပြုတ်ဒဏ်ရာများနဲ့ အတူ အရိုးများပါ ကျိုးကြေသွားတာကြောင့် ခွဲစိတ်ခန်းဝင်နေရတယ်လို့ ဆိုပါတယ်။ ဒီလိုမျိုး အဆန်းထွင်တဲ့ လုပ်ရပ်ကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲကိစ္စတွေကို ရဲအရေးပိုင်အနေနဲ့ ဖမ်းဆီးအရေးယူနိုင်တယ်လို့ လည်း သိရပါတယ်။
ကယ်လီဖိုးနီးယားမှာ ရှိတဲ့ ဒီတံတားဟာ တားမနိုင်ဆီးမရတဲ့ လူဆိုးလေးများရဲ့ ကစားကွင်းအဖြစ် ရုပ်ပျက်ဆင်းပျက်နာမည်ကြီးလာပြီလို့ ဒေသရဲများက ငြီးငြူနေကြပေမယ့် ဒီဖြစ်ရပ်မှာ ပါဝင်ခဲ့တဲ့ ဂွန်ချာရတ်ကတော့ ဓါတ်ပုံရိုက်ဖို့ သိပ်ကောင်းတဲ့ နေရာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ သို့ သော်လည်း ဓါတ်ပုံရိုက်ရတာနဲ့ တော့ မကာမိဘူးလို့ လည်း ဝန်ခံထားပါတယ်။

Post by Duwun