ဘယ်ရီ, ဆီးပိုး, ဆီးလမ်းကြောင်း

ဆီးလမ်းကြောင်းပိုးဝင်တဲ့ရောဂါဟာအမျိုးသမီးတွေမှာမကြာခဏဆိုသလိုအဖြစ်များတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ဆီးလမ်းကြောင်းလို့ပြောရင် အဓိကအပိုင်း (၂) ပိုင်းပါဝင်ပါတယ်။ ဆီးလမ်းကြောင်းအပေါ်ပိုင်း(Upper Urinary Tract)နဲ့ ဆီးလမ်းကြောင်းအောက်ပိုင်း(Lower Urinary Tract)တို့ ဖြစ်ပါတယ်။
ဆီးလမ်းကြောင်းအပေါ်ပိုင်းမှာကျောက်ကပ် (၂) ခုနဲ့ အဲဒီကနေဆင်းလာတဲ့ ဆီးပြွန် (Ureter)တို့ ပါဝင်ပြီးအဲဒီနေရာတွေကိုပိုးဝင်ရင် ဆီးလမ်းကြောင်းအပေါ်ပိုင်းပိုးဝင်ခြင်းလို့ ခေါ်ပါတယ်။ အဲဒီထဲကိုပိုးဝင်ရောက်ဖို့လမ်းကြောင်း (၂) ခုရှိပါတယ်။ တစ်ခုကတော့ အောက်မှာရှိတဲ့ ဆီးအိမ်ကနေတစ်ဆင့် အပေါ်ကိုတက်တာဖြစ်ပြီးနောက်တစ်ခုကတော့ သွေးကနေတစ်ဆင့် ကျောက်ကပ် ကိုပျံ့နှံ့ရောက်ရှိတာ ဖြစ်ပါတယ်။ ဆီးလမ်းကြောင်းအောက်ပိုင်းမှာတော့ ဆီးအိမ်နဲ့ သူ့အောက်မှာရှိတဲ့ ဆီးပြွန်ငယ် (Urethra)တို့ ပါဝင်ပြီးဆီးပြွန်ငယ်ကတစ်ဆင့် ပြင်ပကရောဂါပိုးတွေဝင်ခဲ့ရင် ဆီးလမ်းကြောင်းအောက်ပိုင်းပိုးဝင်ခြင်း(Lower Urinary Tract Infection)လို့ ခေါ်ပါတယ်။ အဲဒီမှာဆီးပြွန်ငယ်ရောင်တာ(Urethritis)နဲ့ ဆီးလမ်းကြောင်းရောင်တာ(Cystitis)တွေ ဖြစ်တတ်ပါတယ်။ ဆီးလမ်းကြောင်းအောက်ပိုင်းပိုးဝင်တာကအပေါ်ပိုင်းပိုးဝင်တာထက် ပိုအဖြစ်များပါတယ်။

အမျိုးသမီးတွေမှာပိုဖြစ်လေ့ရှိပါတယ်။ အထူးသဖြင့် အိမ်ထောင်ရှိသူတွေဟာအိမ်ထောင်မရှိသူတွေထက် ပိုဖြစ်လေ့ရှိပါတယ်။
ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံအရဆီးအိမ်ကနေထွက်လာတဲ့ ဆီးပြွန်ငယ်လေးဟာအမျိုသမီးတွေမှာအမျိုးသားတွေထက် များစွာတိုပါတယ်။ ဒါကြောင့် ပြင်ပကနေရောဂါပိုးတွေ အလွယ်တကူထိုးဖောက်ဝင် ရောက်တာ ဖြစ်ပါတယ်။ အမျိုးသားတွေမှာကျတော့ ဆီးပြွန်ငယ်ကရှည်တဲ့အပြင် ဆီးကျိတ်ကနေစစ်ထုတ်လိုက်တဲ့ ဆီးကျိတ်ရည် (Prostatic Fluid)တွေဟာဗက်တီးရီးယားပိုးတွေကို သတ်နိုင်တဲ့အာနိသင်ရှိတာကြောင့် ဆီးလမ်းကြောင်းပိုးဝင်တဲ့ရောဂါဖြစ်ဖို့ အလားအလာနည်းပါတယ်။ အိမ်ထောင်သည် အမျိုးသ မီးတွေကတော့ လိင်ဆက်ဆံရာကနေတစ်ဆင့် ရောဂါပိုးတွေ ဝင်လာနိုင်တဲ့ အလားအလာပိုများလို့ ပိုဖြစ်တတ်ပါတယ်။
ဆီးလမ်းကြောင်းပိုးဝင်တဲ့ ရောဂါလက္ခဏာ
ဆီးလမ်းကြောင်းအောက်ပိုင်းရောဂါပိုးဝင်ရင်တော့ ဆီးသွားတဲ့အခါမှာပူတာ၊ စပ်တာ၊ ကျင်တာ၊ ဆီးအနံ့ မကောင်းတာ၊ ဆီးထဲမှာသွေးပါတာနဲ့ အနည်တွေပါတာမျိုး ဖြစ်တတ်ပါတယ်။ နောက်ပြီးဆီးခုံတစ်ဝိုက်မှာပူပြီးနာတတ်ပါတယ်။ အဖျားတော့ သိပ်တက်လေ့ မရှိပါဘူး။ ဆီးလမ်းကြောင်းအပေါ်ပိုင်းအထိရောဂါပိုးရောက်သွားရင်တော့ အဖျားတက်လာပါတယ်။ ချမ်းတုံပြီးဖျားလေ့ရှိပါတယ်။ ခါးနဲ့ နောက်ကျောတစ်ဝိုက် နာတတ်ပါတယ်။ သေချာအောင် ဆီးစစ်ကြည့်လို့ရပါတယ်။ ဆီးကိုစစ်တဲ့အခါ Urine REအနေနဲ့ ပုံမှန်စစ်ဆေးကြည့်ရင် ဆီးထဲမှာသွေးဖြူဥတွေ များနေတတ်ပါတယ်။ Pus cellလို့ခေါ်တဲ့ ပြည်တည်ဆဲလ်တွေ တွေ့ရပါတယ်။ ပြီးတော့ ဗက်တီးရီးယားတွေကိုလည်းအဏုကြည့် မှန်ဘီလူးအောက်မှာတွေ့နိုင်ပါတယ်။ ပိုပြီးသေချာအောင် အဲဒီဆီးပိုးတွေကိုမွေးကြည့်နိုင်ပါတယ်။ Urine for culture and sensitivityလုပ်ကြည့်ရပါတယ်။ အဲဒီလိုလုပ်ရင် ဆီးပိုးအမျိုးအစားကိုတိတိကျကျသိနိုင်ရုံမကဘဲဘယ်လိုမျိုးပဋိဇီဝဆေးတွေ အသုံးပြုသင့်တယ်ဆိုတာပါ တစ်ခါတည်းသိနိုင်ပါတယ်။
ဆီးလမ်းကြောင်းပိုးဝင်ရောဂါကိုကုသခြင်း
ဆီးလမ်းကြောင်းပိုးဝင်ရောဂါကိုကုသတဲ့အခါမှာအဓိကအနေနဲ့ သင့်တော်တဲ့ ပဋိဇီဝဆေးတွေ ပေးရပါတယ်။ ဒါကလည်းခုနကပြောတဲ့ ဆီးပိုးမွေးတဲ့ အဖြေရရင်တော့ သေချာတာပေါ့။ အဖြေမရသေးခင်မှာလည်းသင့်တော်တဲ့ ပဋိဇီဝဆေးတစ်မျိုးမျိုးကိုအရင်ပေးထားရပါ တယ်။ ပိုးမွေးတဲ့အဖြေရဖို့ အနည်းဆုံး (၃) ရက်လောက် စောင့်ရတယ်ဆိုတော့ ဒီကြားထဲမှာရောဂါ ပိုဆိုးမသွားအောင် ကုသတဲ့ဆရာ ဝန်ကသူ့ရဲ့အတွေ့အကြုံ ပေါ်မူတည်ပြီးအသက်အရွယ်၊ ကျားမနဲ့ အခြားရောဂါ ရှိ/မရှိ၊ ကျောက်ကပ်ကောင်း/မကောင်း၊ အရင်က သောက်ခဲ့တဲ့ဆေးတွေ၊ မတည့်တဲ့ဆေးတွေစတဲ့အချက်တွေ ပေါ်မူတည်ပြီး ကြိုတင်ပေးထားရပါတယ်။ ပိုးမွေးတဲ့ အဖြေထွက်လာလို့ အခုပေးထားတဲ့ဆေးကပိုးသေစေတဲ့ အဖြေထွက်ခဲ့ရင်တော့ ဒီဆေးကိုပဲဆက်ပေးပြီးပိုးတွေ မသေနိုင်ဘူးဆိုရင်တော့ တခြားပိုးသေစေ တဲ့ ပဋိဇီဝဆေးနဲ့ ပြောင်းပြီးပေးရပါတယ်။ အဓိကအနေနဲ့ ဘယ်ဆေးပဲပေးပေးပိုးကိုကုန်စင်အောင် ကုသဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဆရာဝန်ရဲ့ လမ်းညွှန်ချက်အတိုင်းရက်အတိအကျ ကုသဖို့ လိုပါတယ်။ သာမန်အားဖြင့် အနည်းဆုံး (၅) ရက်လောက်တော့ ဆေးသောက်၊ ဆေးထိုးလုပ်ရပါတယ်။
ဆီးလမ်းကြောင်းပိုးရောဂါကိုပဋိဇီဝဆေးတွေနဲ့ ကုသတဲ့အခါ
ပဋိဇီဝဆေးတွေမှာဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ ဒါကြောင့် ခဏခဏသောက်ဖို့ မသင့် ပါဘူး။ ဒါပေမဲ့ ရောဂါဖြစ်လာရင်တော့ မလွှဲမရှောင်သာလို့ ဆရာဝန်တွေကပေးရတာပါ။ တချို့ပဋိဇီဝဆေးတွေ ဥပမာCiprofloxacin , Ofloxacin , Cefoxitin က ရိုးတွင်းချဉ် ဆီကိုခန်းခြောက်စေပါတယ်။ တချို့ပဋိဇီဝဆေးတွေ ဥပမာ- Sulfonamides, Ciprofloxacin, Methicillin, Vancomycinကျတော့ ကျောက်ကပ်ကိုထိခိုက်ပျက်စီးစေနိုင်တယ်။ ဆီးလမ်းကြောင်းပိုးဝင်တဲ့ ရောဂါကိုယ်နှိုက်ကကျောက်ကပ်ကိုထိခိုက်ပျက်စီးစေ နိုင်ပြီး သားပါ။ ဒါကိုကုသတဲ့ ပဋိဇီဝဆေးတွေကပါ ကျောက်ကပ်ကိုပျက်စီးစေနိုင်တယ်ဆိုရင်တော့ ဒီကျောက်ကပ်ဟာပိုဆိုးဖို့ပဲ ရှိတော့တယ်။ ကျွန်တော်တို့ ဆရာဝန်ဖြစ်ခါစတုန်းကဆီးလမ်းကြောင်းပိုးဝင်ရင် Sulfadimidineဆိုတဲ့ဆေးကိုသုံးခဲ့ကြရတယ်။ တစ်ခါ သောက်ရင် ၅ဝဝ မီလီဂရမ် ဆေးပြား ၂ ပြား၊ တစ်နေ့ လေးကြိမ်ဆိုတော့ ၄ ဂရမ်လောက် သောက်ရတယ်။ ဆီးလမ်းကြောင်းပိုးတွေသေပေမဲ့ ကြာကြာသောက်ရင် ကျောက်ကပ်ပျက်စီးနိုင်တာကြောင့် အခုနောက်ပိုင်းမှာသုံးစွဲဖို့ မသင့်ဆိုပြီးပိတ်ခဲ့ရပါတယ်။ အလားတူပါပဲ။ Septrinဆိုပြီးလူသိများတဲ့ Cotrimoxazoleဆိုတဲ့ ဆေးဟာလည်းကျောက်ကပ်ကိုပျက်စီးစေပါတယ်။ ဒါကြောင့် ပဋိဇီဝဆေးတွေ ကိုတတ်နိုင်ရင် မသုံးစေချင် ပါဘူး။ ဒီလိုမျိုးခဏခဏမသုံးရအောင် လူနာတွေအနေနဲ့ ကလည်းနောက်တစ်ခါပြန်မဖြစ်အောင် နေထိုင် စားသောက်တတ်ဖို့ ပိုအရေးကြီးပါတယ်။
ဆီးလမ်းကြောင်းပိုးဝင်ရောဂါ မဖြစ်အောင်
အဓိကအနေနဲ့ –
(၁) ရေမကြာခဏသောက်ပေးပါ။ တစ်နေ့ကိုအနည်းဆုံး ၂ လီတာလောက် ကုန်အောင် သောက်ပေးပါ။ ရေများများသောက်ရင် ဆီးမကြာခဏသွားတဲ့အတွက် သွားတဲ့ဆီးနဲ့ အတူ အန္တရာယ်ပေးမယ့် ဗက်တီးရီးယားတွေပါ အပြင်ကိုရောက်သွားပါတယ်။ ရေသောက်နည်းရင် ဆီးအိမ်ထဲမှာဆီးကအကြာကြီးနေနေတဲ့အတွက် ရောဂါပိုးတွေ ပိုပြီးပေါက်စေမှာဖြစ်ပါတယ်။ ရေသာမကရေနွေးကြမ်းဒါမှမဟုတ် သဘာဝသစ်သီးဖျော်ရည်တွေပါ သောက်နိုင်ပါတယ်။
(၂) ဆီးသွားချင်ရင် အောင့်ထားတဲ့အကျင့် မလုပ်ရပါ ဘူး။ အမြန်ဆုံးသွားပေးရပါမယ်။ ဆီးအိမ်ထဲမှာဆီးတွေ တင်းနေခဲ့ရင် ဆီးအိမ်ထဲကဆီးတွေဟာBackward pressureနဲ့ ဆီးလမ်းကြောင်းရဲ့အပေါ်ပိုင်းကိုတက်သွား ပြီးကျောက်ကပ်ထဲကိုပိုးတွေ ရောက်သွားနိုင်ပါတယ်။ အဲ့ဒီအခါမှာပိုပြီးဆိုးဝါးတဲ့ ဆီးလမ်းကြောင်းပိုးဝင် ရောဂါကိုခံစားရနိုင်ပါတယ်။ ဒါကြောင့် ဆီးသွားချင်ရင် ကြုံတဲ့နေရာမှာပဲအမြန်ဆုံးသွားဖို့ ကြိုးစားပါ။
(၃) ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုအထောက်အကူပြုတဲ့ အရည်တွေ ဥပမာ- အရက်၊ ဘီယာနဲ့ အချိုရည် သောက်သုံးမှုကို ရှောင်ရပါမယ်။ အခုနောက်ပိုင်းသုတေသနစာတမ်းတွေကကော်ဖီသောက်ရင်လည်းမကောင်းဘူးလို့ ဆိုပါတယ်။ သဘာဝသစ်သီးဖျော်ရည်တွေကိုသောက် ရင်တောင် ဒီအတိုင်းညှစ်သောက်တာထက် ရေနဲ့အနည်းဆုံးဆတူရောပြီးမှ သာသောက်သင့်ပါတယ်။
(၄) ဗီတာမင်အေရစေနိုင်တဲ့ ကယ်ရိုတီးနွိုက်ကြွယ်ဝတဲ့ အစားအစာတွေ မကြာခဏစားပေးသင့်ပါတယ်။ ဥပမာ – သင်္ဘောသီး၊ ခါကျက်ဥစတဲ့အဝါရောင်ရှိတဲ့ သစ်သီးတွေကိုစားရင် ဆီးလမ်းကြောင်းအတွင်းနံရံမှာ ရှိတဲ့ ဆဲလ်တွေကိုခိုင်ခံ့စေတဲ့အတွက် ရောဂါပိုးတွေ အလွယ်တကူဝင်ရောက်မလာနိုင်အောင် ကာကွယ်ပေးပါ တယ်။
(၅) သဘာဝအစားအစာတွေထဲမှာဆီးလမ်းကြောင်းပိုးဝင်တာမဖြစ်ရလေအောင် တားဆီးနိုင်စွမ်းရှိတဲ့ အစွမ်းအထက်ဆုံးအစားအ စာတွေကတော့ ကရမ်ဘယ်ရီ(Cranberry)သီးပဲ ဖြစ်ပါတယ်။ ကရမ်ဘယ်ရီအသီးကိုအစိမ်းစားလို့ပဲဖြစ်ဖြစ်၊ သစ်သီးဖျော်ရည်အနေနဲ့ပဲ ဖြစ်ဖြစ်၊ စပျစ်သီးခြောက်လိုအသီးကိုအခြောက်လှမ်းထားလို့ပဲဖြစ်ဖြစ် ပုံမှန်စားသုံးပေးခဲ့ရင် ဆီးလမ်းကြောင်းပိုးဝင်ရောဂါဖြစ်ဖို့ အလားအလာအလွန်နည်းတယ်လို့ သုတေသနစာတမ်းတွေအရသိရပါတယ်။
ကရမ္ဘယ္ရီဆုိတာ
ကရမ္ဘယ္ရီပင္ဟာ မြန်မာပြည်မှာ မရှိတော့ မသိတာသိပ်မဆန်းပါဘူး။ သူကကမ္ဘာ့မြောက်ခြမ်းဒေသ(Northern hemisphere)၊ အေးတဲ့ဒေသ(Cooler region)တွေမှာပဲစိုက်ပျိုးထုတ်လုပ်တဲ့အပင် ဖြစ်ပါတယ်။ ရုက္ခဗေဒအရသူ့ရဲ့ Genusကတော့ Vaccinium ဖြစ်ပါတယ်။ အပင်ဟာအပင်ပုနွယ်ပင် ဖြစ်ပါတယ်။ မြေမှာပဲဝပ်ပြီးတွားသွားတဲ့အတွက် တစ်ပင်ချင်းကို ၇ လက်မကနေ ၈ လက်မလောက်ထိ ရှည်ပါတယ်။ ပျားနဲ့ ဝတ်မှုန်ကူးပါတယ်။ သူ့ရဲ့အသီးဟာပထမအဖြူရောင်ဖြစ်ပေမဲ့ နောက်တဖြည်းဖြည်းနဲ့ နီရဲလာပြီးမှည့်တဲ့အချိန်မှာအနီရဲရဲနဲ့ ကြည့်လို့ အင်မတန် လှပါတယ်။ အရွက်ကသေးပါတယ်။ အမေရိကန်ပြည် ထောင်စုမြောက်ပိုင်းပြည် နယ်တွေနဲ့ ကနေဒါနိုင်ငံတွေမှာအဓိကစိုက်ပျိုးပါတယ်။ တရုတ်ပြည် မြောက်ပိုင်းဒေသတွေမှာလည်းအကြီးအကျယ် စိုက်ပါတယ်။ ရတဲ့အသီးတွေကိုအခြောက်လှမ်းလို့ပဲဖြစ်ဖြစ်၊ သစ်သီးဖျော်ရည်အနေနဲ့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ယိုထိုးလို့ပဲဖြစ်ဖြစ် တင်ပို့ ရောင်းချပါတယ်။ ကျွန်တော်တို့ဆီမှာစတော်ဘယ်ရီသီးတို့၊ စပျစ်သီးတို့ ရောင်းသလိုပါပဲ။
ကရမ်ဘယ်ရီမှာပါဝင်တဲ့အာဟာရဓာတ်တွေ
ကရမ်ဘယ်ရီဟာအာဟာရတန်ဖိုးမြင့်မားပြီးအင်မတန်မှလည်းဆေးဖက်ဝင်လို့ ”Superfruit”လို့ ခေါ်ဝေါ်ကြပါတယ်။ ကရမ်ဘယ်ရီအသီးအစိမ်းမှာပါဝင်တဲ့ဓာတ်ပစ္စည်းတွေကတော့ –
(၁) ဖလေဗိုနွိုက် (Flavonoids)တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ အသီးအရောင် နီရဲတောက်ပနေရခြင်းဟာဖလေဗိုနွိုက်တွေကြောင့်ဖြစ် ပြီးဆေးဖက်ဝင်အာနိသင် ပေးပါတယ်။ အဓိကပါဝင်တဲ့ ဖလေဗိုနွိုက်အနေနဲ့ အုပ်စု ၃ ခုရှိပါတယ်။ အဲဒါတွေက-
(က) အင်သိုဆိုင်ရာနင်အုပ်စု(Anthocyanin)
ဥပမာ-Anthocyanidins, Cyanidinနဲ့ Peonidin
(ခ) ပရိုအင်သိုဆိုင်ရာနီဒင်အုပ်စု(Proanthocyanidins)
ဥပမာ- Epicatechin, Epigallocatechin
(ဂ) ဖလေဗိုနောအုပ်စု(Flavonols)
ဥပမာMyricetin, Quercetin, Kaempferol
(၂) အော်ဂဲနစ်အက်ဆစ် (Organic acids)တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ကရမ်ဘယ်ရီရဲ့ချဉ်တဲ့အရသာဟာပါဝင်တဲ့အော်ဂဲနစ်အက်ဆစ်တွေကြောင့် ဖြစ်ပါတယ်။ စံ ၂.၅ လောက်ပဲ ရှိပါတယ်။
ဥပမာQuinic acid (ကျန်တဲ့အသီးတွေမှာသိပ်မတွေ့ရပါ)Citric acid, Malic acid, Ellagic acid, Shikimic acid, Oxalic acid, Phenolic acids (Benzoic acid), Ursolic acid(၃)ဗီတာမင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ပါဝင်တဲ့ဗီတာမင်တွေကတော့ Vitamin C, Thiamine (B1), Riboflavin (B2), Niacin (B3), Panthothenic acid (B5), Pyridoxine (B6), Folic acid (B9)(၄) ကယ်လ်ရိုတီးနွိုက် (Carotenoids)အနေနဲ့ Beta-carotene, Lutein, Zeaxanthinတွေ ပါဝင်ပါတယ်။
ကရမ်ဘယ်ရီနဲ့ ဆီးလမ်းကြောင်းပိုးဝင်တဲ့ရောဂါ
ကရမ်ဘယ်ရီကဆီးလမ်းကြောင်းပိုးဝင်တာကိုကာကွယ်နိုင်စွမ်းရှိတဲ့အကြောင်းတွေ များစွာရှိပါတယ်။ ဒီအထဲကအချို့ကိုကောက်နုတ်ပြောရမယ်ဆိုရင်-
(၁) သူ့မှာပါဝင်တဲ့ အော်ဂဲနစ်အက်ဆစ်တွေကနေတစ်ဆင့် ရရှိလာတဲ့ Hippuric acidဟာဗက်တီးရီးယားတွေကိုသေစေနိုင်တဲ့ အာနိသင်ရှိပါတယ်။
(၂) ကရမ်ဘယ်ရီမှာပါဝင်တဲ့ ဖလေဗိုနွိုက်တွေဟာဆီးအိမ် နံရံနဲ့ ဆီးလမ်းကြောင်းနံရံတစ်လျှောက်မှာအလွှာပါးလေးသဖွယ် ဖုံးအုပ်ထားတဲ့အတွက် E.coliဗက်တီးရီးယားတွေ ထိုးဖောက်ဝင်ရောက်ခြင်းကနေကာကွယ်ပေးပါတယ်။ ဒါ့အပြင် E.coliတွေရဲ့ ထိုးဖောက်ဝင်ရောက်နိုင်တဲ့ လက်တံတွေကိုလှုပ်ရှားလို့မရအောင် လုပ်နိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် Infectivityကျသွားပါတယ်။
(၃) ကရမ်ဘယ်ရီမှာပါဝင်တဲ့ ဗီတာမင်စီနဲ့ အော်ဂဲနစ် အက်ဆစ်ဓာတ်တွေဟာဆီးကိုအက်ဆစ်စံ ဖြစ်စေပါ တယ်။ အက်ဆစ်စံမှာဗက်တီးရီးယားတွေ မရှင်သန်နိုင်တဲ့အတွက် ရောဂါပိုးတွေ လျော့နည်းသွားစေပါတယ်။ ဆီးထဲမှာနေတဲ့ ဗက်တီးရီးယားတွေဟာစံပြောင်းလဲမှုကိုမကြိုက်ပါဘူး။ စံကိုနည်းခြင်း၊ များခြင်းလုပ်ပေးနိုင်ရင် ဗက်တီးရီးယားတွေကိုထိန်းချုပ်လို့ရပါ တယ်။
ကရမ်ဘယ်ရီကိုဆေးပြားအနေနဲ့သောက်နိုင်
ကရမ်ဘယ်ရီကိုဆေးအနေနဲ့သောက်တာကပိုပြီးတော့ အစွမ်းထက်ပါတယ်။ အသီးတို့၊ ဖျော်ရည်တို့ကတော့ အစားအစာအနေနဲ့ စားဖို့ပါ။ဆေးပြား၊ ဆေးတောင့် အနေနဲ့လည်းထုတ်လုပ်ရောင်းချကြပါတယ်။ သာမန်အားဖြင့် ၁ဝဝ မီလီဂရမ်ဆေးပြားဆိုရင် တစ်ခါသောက် တစ်ပြားတစ်နေ့ (၂) ကြိမ်သောက်ရပါမယ်။ ပထမပဋိဇီဝဆေးတွေသောက်ပြီးရင် နောက်ထပ်မဖြစ်ဖို့ စပြီးသောက် ရပါမယ်။ အမြဲစွဲသောက်လို့ရပါတယ်။ ရေများများနဲ့ သောက်ဖို့လိုပါတယ်။ ဘေးထွက်ဆိုးကျိုးဘာမှ မရှိပါဘူး။
ဆီးလမ်းကြောင်းပိုးဝင်တဲ့ရောဂါဖြစ်ရင် ပထမဆုံးအနေနဲ့ သင့်တော်တဲ့ပဋိဇီဝဆေးတွေကိုဆရာဝန်ရဲ့ ညွှန်ကြားချက်အ တိုင်းတိတိကျကျသောက်ပါ။ နောက်ထပ်မဖြစ်အောင် ကာကွယ်ဖို့အတွက်ဆိုရင်တော့ ကရမ် ဘယ်ရီဟာအကောင်းဆုံးသ ဘာဝဆေးစွမ်းတစ်လက်ဆိုတာသိစေချင်ပါတယ်။

ဒေါက်တာခင်မောင်လွင် (FAME)