သင်္ကေတ

ကျွန်တော်တို့နေ့စဉ်လူနေမှုဘဝမှာ သင်္ကေတ အများအပြားကို နေ့စဉ်မြင်တွေ့ရပါတယ်။ ဒီသင်္ကေတတွေထဲမှာမှအချို့က ကျွန်တော်တို့နဲ့ တော်တောလက်ပွန်းတတီးရှိပါတယ်။ ပိုပြီးထူးဆန်းတာက ဒီသင်္ကေတ တွေဖြစ်ပေါ်လာရတဲ့သမိုင်းကလည်း အတိအကျရှိတာပါ။ စိတ်ဝင်စားဖို့ကောင်းတဲ့သမိုင်းကြောင်းလေးတွေကို အခရာသူ၊ အခရာသားတွေအတွက် စုစည်းဖော်ပြလိုက်ပါတယ်။

ယောက်ျား၊ မိန်းမ သင်္ကေတ

ဇီဝဗေဒသင်ဖူးတဲ့လူတိုင်း ယောက်ျား၊ မိန်းမ သင်္ကေတ ကို သိကြပါတယ်။ ဒါဟာ အီဂျစ်တွေအသုံးပြုခဲ့တဲ့နက္ခတ်ဗေဒပညာက ဆင်းသက်လာတာပါ။ အီဂျစ်တွေရဲ့ အမှတ်အသားတွေမှာ အင်္ဂါဂြိုလ် (Mars) ကို ယနေ့ခေတ်အသုံးပြုနေတဲ့ ယောက်ျား သင်္ကေတ နဲ့ကိုယ်စားပြီး သောကြာဂြိုလ် (Venus) ကိုတော့ မိန်းမသင်္ကေတနဲ့ ကိုယ်စားပြုပါတယ်။ ၁၇၅၁ခုနှစ်တုန်းက ဇီဝဗေဒပညာရှင် ကားလင်းနီးယပ်က အပင်တွေကိုအထီး၊အမ ခွဲခြားဖို့အသုံးပြုခဲ့တာကနေ နောက်ပိုင်းကမ္ဘာတစ်ဝှမ်းလုံးမှာ တွင်ကျယ်လာတာဖြစ်ပါတယ်။

ခေတ္တရပ်ခြင်း “Pause”

ဖုန်းမှာ သီချင်းနားထောင်ရင်ပဲဖြစ်ဖြစ်၊ ဗီဒီယိုကြည့်ရင်ပဲဖြစ်ဖြစ် “Pause” သင်္ကေတလေးကို မလွှဲမသွေတွေ့ရမှာဖြစ်သလို ရီမု (Remote) တိုင်းမှာလည်း ဒီသင်္ကေတက မပါမဖြစ်ပါ။ ဂီတ သင်္ကေတ တွေထဲမှာ အသက်ရှုသံတစ်ချက်စာ ရပ်ဖို့အတွက် မျဉ်းနှစ်ချောင်းကိုခြစ်ပြီး အမှတ်အသားပြပါတယ်။ တကယ်တော့ “Pause” သင်္ကေတက အဲ့ဒီကနေဆင်းသက်လာတာဖြစ်ပါတယ်။

ပါဝါခလုတ်ရဲ့ သင်္ကေတ

ကွန်ပြူတာတွေရဲ့ အခြေခံက “1” နဲ့ “0” ပါ။ တစ်ပိုင်းလျှပ်ကူး (Semiconductor) လေးတွေရဲ့ ဖွင့်ခြင်း၊ ပိတ်ခြင်းကိုအခြေခံပြီးတော့ လုပ်ပါတယ်။ ပါဝါခလုတ်မှာပါဝင်တဲ့ ဒီ သင်္ကေတ လေးက “0” နဲ့ “1” ကို လှလှပပပေါင်းစပ်ထားတာဖြစ်ပါတယ်။

အသည်းပုံ သင်္ကေတ (သို့) Heart Sign

ကျွန်တော်တို့ရဲ့နှလုံးသားက ဘယ်လိုပုံစံရှိတယ်ဆိုတာကို လူတိုင်းသိပါတယ်။ အခုအသုံးပြုနေတဲ့အသည်းပုံ သင်္ကေတ နဲ့ လုံးလုံးမတူတယ်ကိုတော့ သတိထားမိမှာပါ။ သူ့ရဲ့နောက်ခံသမိုင်းကတော့အနည်းငယ်ကွဲပြားမှုရှိပါတယ်။

ငန်းနှစ်ကောင်ရေကန်ထဲမှာ နှုတ်ခမ်းခြင်းတေ့တဲ့အချိန်မှာ အသည်းပုံတစ်ခုဖြစ်ပေါ်လာပါတယ်။ကမ္ဘာယဉ်ကျေးမှုတော်တော်များများမှာလည်း ဒီလိုငန်းနှစ်ကောင်နမ်းနေတဲ့ပုံကို အချစ်၊ သစ္စာရှိမှု နဲ့ တစ်ဘဝလုံးနှစ်သက်မြတ်နိုးမှုကို ကိုယ်စားပြုပါတယ်။

နောက်ထပ်ပြောဆိုတဲ့သမိုင်းတစ်ခုက ဒီ သင်္ကေတ ဟာ အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုကနေ ဆင်းသက်လာတယ်ဆိုတာပါ။ အမျိုးသမီးတွေရဲ့ တင်ပဆုံရိုးပုံစံကို ရေးဆွဲတာကနေ ဒီလိုမျိုးအသည်းပုံသဏ္ဍာန်ကို ရရှိလာတယ်လို့လည်းပြောကြပါတယ်။ ရှေးခေတ်ဂရိလူမျိုးတွေက အမျိုးသမီးတွေရဲ့ကိုယ်ခန္ဓာတည်ဆောက်ပုံကို ကျွမ်းကျွမ်းကျင်ကျင်နားလည်ကြသလို အချစ်နတ်သမီး အက်ဖရိုဒိုက် (Aphrodite) ရဲ့နတ်ကွန်းတည်ဆောက်တုန်းကလည်း ဒီပုံသဏ္ဍာန်ကို ထည့်သွင်းအသုံးပြုခဲ့ကြပါတယ်။

နောက်ဆုံးဇာတ်လမ်းကတော့ ဒီသင်္ကေတက နွယ်ရွက်တစ်မျိုးဖြစ်တဲ့ Ivy Leaf ရဲ့ပုံသဏ္ဍာန်က နေဆင်းသက်လာတယ် ဆိုတာပါ။ ဂရိတွေက အချစ်ကိုစောင့်ကြပ်တဲ့ နတ်ဘုရားဖြစ်သလို ဝိုင်နတ်ဘုရားလည်းဖြစ်တဲ့ Dionysus ရဲ့အကြောင်းဖော်ကျူးတဲ့နေရာမှာ ဒီအရွက်လေးတွေကိုအမြောက်အမြားအသုံးပြုခဲ့ကြပါတယ်။

Bluetooth သင်္ကေတ

ကွဲပြားနေတဲ့နယ်မြေများစွာကို စုစည်းပေးခဲ့တဲ့ အေဒီ ၉ ရာစုက ဒိန်းမတ်ဘုရင်ကြီး Harald Bluetooth ကိုအဆွဲပြုပြီး ဒီသင်္ကေတဖြစ်ပေါ်လာတာဖြစ်ပါတယ်။ လက်တင်ဘာသာက “H” နဲ့ အဓိပ္ပာယ်တူတဲ့ Scandinavian တွေရဲ့စကားလုံး “Hagall” နဲ့ “B” နဲ့ အဓိပ္ပာယ်တူတဲ့ “Bjarkan” တို့ကိုပေါင်းစပ်ပြီးတော့ Bluetooth သင်္ကေတကိုဖော်ကျူးထားတာဖြစ်ပါတယ်။ Bluetooth ကလည်း အမျိုးအစားကွဲပြားနေတဲ့ဖုန်းတွေကို တစ်ခုနဲ့တစ်ခုကို ချိတ်ဆက်နိုင်စွမ်းရှိပါတယ်။

“နှင့်” သင်္ကေတ (သို့) “&”

ကျွန်တော်တို့ “နှင့်” ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးနေတဲ့ ဒီသင်္ကေတလေးဟာ လက်တင်ဘာသာနဲ့ “et” လို့ခေါ်ပြီးအင်္ဂလိပ်လိုဆိုရင်တော့ “and” လို့အဓိပ္ပာယ်ရပါတယ်။ ဒီ သင်္ကေတ ကိုစတင်တီထွင်သုံးစွဲခဲ့တဲ့သူ ရောမနိုင်ငံရေးသုခမိန် ဆီဆာရို (Cicero) ရဲ့လက်ထောက် ထရီရိုဖြစ်ပါတယ်။ ဟိုတုန်းကဘယ်အရာကိုမဆို လက်ရေးမူနဲ့ပဲ မှတ်တမ်းတင်ရတာကြောင့် စာရေးတဲ့အချိန်မှာလျင်လျင်မြန်မြန်အသုံးပြုနိုင်အောင် ဒီ သင်္ကေတ ကိုတီထွင်သုံးစွဲခဲ့တာဖြစ်ပါတယ်။ ထရီရိုဟာ စာတိုရေးနည်းစနစ်တစ်မျိုးကို တီထွင်ခဲ့ပြီး ဒါကို ထရီရို၏မှတ်စုများ (Tiro Notes) လို့ ခေါ်ဝေါ်ကြပါတယ်။

ရာစုနှစ်များစွာကြာတဲ့အချိန်မှာတော့ ဒီ “နှင့်” လို့အဓိပ္ပာယ်ရတဲ့စကားလုံးဟာ ဥရောပနဲ့အမေရိက အထိပျံ့နှံ့ခဲ့ပြီး အင်္ဂလိပ်အက္ခရာမှာ မပါမဖြစ်စကားလုံးတစ်လုံးဖြစ်ခဲ့ပါတယ်။ ၂၀ ရာစုအတောအတွင်း အနည်းငယ်ငုပ်လျှိုးပျောက်ကွယ်ခဲ့ပေမယ့် နောက်ပိုင်းမှာတွင်ကျယ်လာတဲ့စကားလုံးပါ။ သူ့ရဲ့မူလအသံအမှန်က အမ်ပါစီအမ်“And per se and” ဖြစ်ပေမယ့် နောက်ပိုင်းရေးသားတဲ့နေရာမှာ လက်တင်စကားလုံး “E” နဲ့ “T” က ပေါင်းစပ်သွားပြီး ဒီနေ့ခေတ်လိုပုံစံဖြစ်လာတာပါ။

ငြိမ်းချမ်းရေးသင်္ကေတ

၁၉၅၈ တစ်ဝိုက် နယူးကလီးယားလက်နက်ဆန္ဒပြပွဲတွေမှာ ငြိမ်းချမ်းရေး သင်္ကေတ ကို တွင်တွင်ကျယ် ကျယ်အသုံးပြုခဲ့ကြပါတယ်။ အဲ့ဒီအချိန်တုန်းက ဗြိတိန်နိုင်ငံပိုင်ဆိုင်တဲ့ နယူးကလိယလက်နက်တွေကို ဖျက်သိမ်းဖို့ အကြီးအကျယ်ဆန္ဒပြခဲ့ကြပြီး ဒီလိုဂိုဒီဇိုင်းကို Gerald Holtom ကရေးဆွဲပေးခဲ့တာပါ။ နယူးကလိလက်နက်ဖျက်သိမ်းတာကို အင်္ဂလိပ်လို Nuclear Disarmament လို့ခေါ်ပါတယ်။ အစစာလုံး“N” နဲ့ “D” ကို ရေကြောင်းအလံအချက်ပြ သင်္ကေတ နဲ့ ပေါင်းစပ်ပုံဖော်ထားတာဖြစ်ပါတယ်။ ဒီအလံအချက်ပြ သင်္ကေတ စနစ်မှာ “N” ကို အင်္ဂလိပ်အက္ခရာ V ပုံစံပြောင်းပြန်ကိုင်တွယ်ပြသရပြီး D ကိုတော့ အပေါ်၊အောက်လက်ကို ဆန့်တန်းပြသရပါတယ်။

မင်းသုခ (အခရာ)